ရုရှားနှင့် ဆက်ဆံရေးများ မြှင့်တင်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ပြောကြား

ရုရှားနှင့် ဆက်ဆံရေးများ မြှင့်တင်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ပြောကြား
စက်တင်ဘာ ၁၃ ရက်က မြောက်ကိုရီးယား၏ အမည်ဖော်ပြမထားသည့် နေရာတစ်ခုတွင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်(ဝဲ)နှင့် ရုရှားလုံခြုံရေးကောင်စီအကြီးအကဲ ရွှိုက်ဂူတို့ ဆွေးနွေးပွဲပြုလုပ်နေစဉ်(Photo:AFP)
စက်တင်ဘာ ၁၃ ရက်က မြောက်ကိုရီးယား၏ အမည်ဖော်ပြမထားသည့် နေရာတစ်ခုတွင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်(ဝဲ)နှင့် ရုရှားလုံခြုံရေးကောင်စီအကြီးအကဲ ရွှိုက်ဂူတို့ ဆွေးနွေးပွဲပြုလုပ်နေစဉ်(Photo:AFP)
Published 16 September 2024

ရုရှားနှင့် ဆက်ဆံရေးများ တိုးမြှင့်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက စက်တင်ဘာ ၁၄ ရက်တွင် ဖော်ပြခဲ့သည်။

ကင်သည် မြောက်ကိုရီးယားနိုင်ငံကို ရောက်ရှိလာသည့် ရုရှားလုံခြုံရေးကောင်စီ အကြီးအကဲ ဆာဂျေး ရွှိုက်ဂူနှင့်တွေ့ဆုံ ဆွေးနွေးချိန်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦး၏ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ဆွေးနွေးပွဲများကို ပိုမိုမြှင့်တင်ရေးအတွက် အရေးကြီးသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်ဟု  KCNA ကဖော်ပြခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များအပေါ် သဘောထားများကို ဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံလုံခြုံရေး အကျိုးစီးပွားများကို ကာကွယ်ရန် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရေးအပါအဝင် အရေးကိစ္စအများအပြားတွင် သဘောတူညီမှုများရရှိခဲ့ကြောင်း KCNA က ဖော်ပြခဲ့ သည်။

မြောက်ကိုရီးယားအနေဖြင့် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုနှင့်အညီ ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ချဲ့ထွင်သွားမည်ဖြစ်ကြောင်း ကင်က ပြောကြားခဲ့သည်ဟု ဆိုသည်။

အမေရိကန်နှင့်ယူကရိန်းအပါအဝင် အခြားနိုင်ငံများကမူ ကင်သည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားကို ဒုံးကျည်များ ထောက်ပံ့ပေးနေပြီး အပြန်အလှန်အားဖြင့် ရုရှားထံမှ စီးပွားရေးနှင့်အခြား အထောက်အပံ့များကို ရရှိနေ ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနှင့် ရုရှားတို့ကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုထားသော်လည်း စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန် ကတိပြုခဲ့ပြီး ဇွန်လအတွင်းက ပြည့်စုံကျယ်ပြန့်သည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ကြသည်။

ဇွန်လအတွင်းက မြောက်ကိုရီးယား၏ မြို့တော်ပြုံယမ်းသို့ ရုရှားသမ္မတဗလာဒီမာ ပူတင်ရောက်ရှိလာခဲ့ပြီး အပြန်အလှန် ကာကွယ်ရေးစာချုပ် တစ်ခုချုပ်ဆိုခဲ့မှုနှင့်အတူ မကြာသေးမီက မြောက်ကိုရီးယားနှင့် ရုရှား အကြား စစ်ဘက်ဆိုင်ရာဆက်ဆံရေးများ ပိုမိုနက်ရှိုင်းလာခဲ့သည်။

KCNA က ထုတ်ပြန်သည့် ဓာတ်ပုံများတွင်မူ ကင်နှင့် ရွှိုက်ဂူတို့သည် တစ်ဦးနှင့်တစ်ဦးရီမောစွာ ပွေ့ဖက်နေပုံများကို ဖော်ပြခဲ့ပြီး ကင်က ရုရှားသမ္မတ ပူတင်အား သက်ရှည်ကျန်းမာစေရန်နှင့် အောင်မြင်မှုများရစေရန် ဆုမွန်ကောင်းတောင်းပေးခဲ့သည်။

ကင်နှင့် ရွှိုက်ဂူတို့ ဆွေးနွေးပွဲပြုလုပ်သည့် နေရာအတိအကျကိုမူ ဖော်ပြခြင်းမရှိသော်လည်း ကျွမ်းကျင်သူများကမူ ပြုံယမ်းမြို့တော်ရှိ ကမ်ဆူဆန် နိုင်ငံတော် ဧည့်ဂေဟာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ထိုဧည့်ဂေဟာသည် ရုရှားသမ္မတပူတင်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့ မြောက်ကိုရီးယားသို့ လာရောက်ချိန်က ကင်နှင့် တွေ့ဆုံခဲ့သည့် ဧည့်ဂေဟာ ဖြစ်သည်။

ရွှိုက်ဂူသည် မေလက ကာကွယ်ရေးဝန်ကြီးအဖြစ်မှ လုံခြုံရေးကောင်စီ အကြီးအကဲအဖြစ် ပြောင်းလဲခန့်အပ် ခံခဲ့ရခြင်းဖြစ်သည်။ ယခုတွေ့ဆုံမှုမတိုင်မီ ပြုံယမ်းတွင် ကင်နှင့် ရွှိုက်ဂူတို့၏ နောက်ဆုံးအကြိမ်တွေ့ဆုံမှုမှာ ကိုရီးယားစစ်ပွဲ ရပ်ဆိုင်းသည့် အနှစ် ၇၀ ပြည့်ဖြစ်သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဖြစ်သည်။

Ref:AFP

Most Read

Most Recent