ကျူးဘားရှိ မြောက်ကိုရီးယား အဆင့်မြင့်သံတမန်တစ်ဦး တောင်ကိုရီးယားသို့ ဘက်ပြောင်းခိုလှုံခဲ့ဟု တောင်ကိုရီးယား ထောက်လှမ်းရေးဌာန ပြောကြား

ကျူးဘားရှိ မြောက်ကိုရီးယား အဆင့်မြင့်သံတမန်တစ်ဦး တောင်ကိုရီးယားသို့ ဘက်ပြောင်းခိုလှုံခဲ့ဟု တောင်ကိုရီးယား ထောက်လှမ်းရေးဌာန ပြောကြား
Published 16 July 2024

နယ်စပ်စစ်မဲ့ဇုန်ရှိ ပန်မွန်ဂျွန်ရွာအနီး၊ မြောက်ကိုရီးယားဘက်ခြမ်း ကီဂျုံဒုန်ရွာရှိ မျှော်စင်တစ်ခု၌ မြောက်ကိုရီးယားအလံ လွှင့်ထူထားသည်ကို  ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ်(Photo: AP)

တောင်ကိုရီးယားနှင့် ကျူးဘားနိုင်ငံအကြား သံတမန်ဆက်ဆံရေး မထူထောင်မီ လပိုင်းအလိုဖြစ်သည့် ယမန်နှစ် နိုဝင်ဘာလက ကျူးဘားတွင် တာဝန်ထမ်းဆောင်နေသည့် မြောက်ကိုရီးယား အဆင့်မြင့်သံတမန်တစ်ဦးသည် တောင်ကိုရီးယားဘက်သို့ ဘက်ပြောင်းခိုလှုံခဲ့သည်ဟု တောင်ကိုရီးယား ထောက်လှမ်းရေးဌာနက ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသံတမန် ရီအီကျူသည် ၂၀၁၉ ခုနှစ်ကတည်းက ကျူးဘားရှိ မြောက်ကိုရီးယားသံရုံး၌ နိုင်ငံရေးကိစ္စရပ်များကို တာဝန်ယူထားသူဖြစ်ပြီး တောင်ကိုရီးယားနှင့် ကျူးဘားနိုင်ငံအကြား သံတမန်ဆက် ဆံရေးထူထောင်မည့် အစီအစဉ်ကို ဟန့်တားနှောင့်ယှက်ရန် အဓိကတာဝန်ပေးခံရသူဖြစ်ကြောင်း တောင်ကိုရီးယား နေ့စဉ်ထုတ်သတင်းစာ Chosun က ဖော်ပြသည်။

ရီသည် ယမန်နှစ် နိုဝင်ဘာလအစောပိုင်းက ၎င်း၏မိသားစုနှင့်အတူ တောင်ကိုရီးယားဘက်သို့ ဘက်ပြောင်းခိုလှုံခဲ့ခြင်းဖြစ်ပြီး သူသည် ၂၀၁၆ ခုနှစ်က ဗြိတိန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား လက်ထောက်သံအမတ် ထယ်ယုံဟိုနောက်ပိုင်းဘက်ပြောင်းခိုလှုံသည့် အထင်ရှားဆုံးမြောက်ကိုရီးယား သံတမန်ဖြစ်လာခဲ့သည်ဟု ၎င်းသတင်းစာက ဆိုသည်။

ကျူးဘားရှိ မြောက်ကိုရီးယားသံရုံးမှ နိုင်ငံရေးအကြံပေးပုဂ္ဂိုလ် ဘက်ပြောင်းခိုလှုံခဲ့သည်ဆိုသော သတင်းမှာမှန်ကန်ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးဌာနက ဇူလိုင် ၁၆ ရက်တွင် AFP သတင်းဌာနကို အတည်ပြုခဲ့ပြီး အသေးစိတ်ကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။

မြောက်ကိုရီးယား အထက်တန်းလွှာများ ဘက်ပြောင်းခိုလှုံမှုများ မြင့်တက်လာသည်ဟု တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက အစောပိုင်းတွင်ပြောဆိုထားသည်။ ၂၀၂၃ ခုနှစ်အတွင်း ဘက် ပြောင်းခိုလှုံသူ ၁၉၆ ဦးအနက် ၁၀ ဦးခန့်သည် အထက်တန်းလွှာထဲမှဖြစ်ပြီး အဆိုပါအရေအတွက်သည် နှစ်အတန်ကြာအတွင်း အများဆုံးဖြစ်သည်ဟု သိရသည်။

ရီ ဘက်ပြောင်းခိုလှုံပြီး သုံးလခန့်အကြာတွင် တောင်ကိုရီးယားနှင့် ကျူးဘားအစိုးရအကြား သံတမန်ဆက်ဆံရေး ထူထောင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ကျူးဘားသည် မြောက်ကိုရီးယား၏ သက်တမ်းအကြာဆုံး မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင် ၎င်းနည်းတူ ကွန်မြူနစ်စနစ်ကျင့်သုံးသော နိုင်ငံလည်းဖြစ်သည်။

ကျူးဘားတွင် အဆင့်မြင့်ဆေးကုသမှု ဆိုင်ရာကိရိယာများ မရှိသည့်အတွက် မက္ကဆီကိုတွင် ဆေးကုသခွင့်ပြုရန် ၎င်း၏ပန်ကြားမှုကို မြောက်ကိုရီးယား အာဏာပိုင်များက ပယ်ချခဲ့ပြီးနောက် ဘက်ပြောင်းခိုလှုံရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယား၏ Choson Daily သတင်းစာက ဖော်ပြခဲ့ သည်။

“မြောက်ကိုရီးယား နိုင်ငံသားတိုင်းက တောင်ကိုရီးယားမှာနေဖို့ အနည်းဆုံးတစ်ကြိမ်လောက်တော့ စဉ်းစားမိမှာပါ” ဟု ၎င်းက Chosun Daily သတင်းစာကို ပြောကြားခဲ့သည်။

ပေကျင်းရှိ မြောက်ကိုရီးယားသံရုံးနှင့် ဆက်နွှယ်နေသော လာဘ်ပေးလာဘ်ယူမှုဖြစ်စဉ်နှင့်ပတ်သက်၍ အကျင့်ပျက်ခြစားမှု သံသယဖြင့် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဟောင်း ရီယုံဟိုနှင့် ၎င်း၏မိသားစုသည် ၂၀၁၉ ခုနှစ်က နိုင်ငံရေးအကျဉ်းစခန်းသို့ အပို့ခံခဲ့ရသည်ဟု ၎င်းကဆိုသည်။

Ref: AFP

Most Read

Most Recent