အီရန်က ဒုတိယသမ္မတ-၁ မိုဟာမက် မော့ခ်ဘာကို ယာယီသမ္မတအဖြစ် ခန့်အပ်၊ ငါးရက်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်မည်ဟုကြေညာ

အီရန်က ဒုတိယသမ္မတ-၁ မိုဟာမက် မော့ခ်ဘာကို ယာယီသမ္မတအဖြစ် ခန့်အပ်၊ ငါးရက်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်မည်ဟုကြေညာ
အီရန်ယာယီသမ္မတဖြစ်လာသည့် ဒုသမ္မတ-၁ မိုဟာမက် မော့ခ်ဘာကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂ ရက်က ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ တွေ့ရစဉ် (Photo:AFP)
အီရန်ယာယီသမ္မတဖြစ်လာသည့် ဒုသမ္မတ-၁ မိုဟာမက် မော့ခ်ဘာကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂ ရက်က ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ တွေ့ရစဉ် (Photo:AFP)
Published 21 May 2024

ရဟတ်ယာဉ်ပျက်ကျမှုအတွင်း အီရန်သမ္မတ အီဗရာဟင်ရိုင်ဆီ သေဆုံးပြီးနောက် အီရန်တွင် ရွေးကောက်ပွဲ ဆောလျင်စွာကျင်းပရန် ပြင်ဆင်လျက်ရှိပြီး ဒုသမ္မတ-၁ ဖြစ်သူ မိုဟာမက် မော့ခ်ဘာက ယာယီသမ္မတအဖြစ် တာဝန်ယူမည်ဖြစ်သည်။

အီရန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်အရ သမ္မတဖြစ်သူ ကွယ်လွန်သွားလျှင်၊ ရာထူးမှထုတ်ပယ် ခံရလျှင်၊ ရာထူးမှ နုတ်ထွက်ခဲ့လျှင် သို့မဟုတ် ဖျားနာမှုကြောင့်ဖြစ်စေ အကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်စေ နှစ်လကျော်ကြာ တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိလျှင် ဒုသမ္မတ-၁ ဖြစ်သူက ယာယီသမ္မတအဖြစ် တာဝန်ယူရမည်ဖြစ်သည်။

အီရန်သမ္မတ အီဗရာဟင်ရိုင်ဆီနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူဆိန်အေမာအဗ္ဗ ဒူလာဟီရန်တို့ လိုက်ပါသွားသောရဟတ်ယာဉ်သည် မေ ၁၉ ရက်တွင် မြူများထူထပ်စွာ ကျဆင်းနေသော နယ်စပ် တောင်တန်းဒေသတွင် ပျက်သွားခဲ့ပြီးနောက် သမ္မတအပါဝင် ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါသွားသူအား လုံးသေဆုံးသွားသည်ဟု မေ ၂၀ ရက်တွင် အီရန်အစိုးရမီဒီယာက ဖော်ပြခဲ့သည်။ ရိုင်ဆီသည် လေးနှစ်တာ သမ္မတရာထူး သက်တမ်းကုန်ဆုံးရန် နီးကပ်နေပြီဖြစ်သည်။

အီရန်၏ သြဇာအကြီးဆုံး ခေါင်းဆောင်ဖြစ်သည့် အယာတိုလာ အလီခါမေနီက ဒုသမ္မတ-၁ မော့ခ်ဘာကို အုပ်ချုပ်ရေးမဏ္ဍိုင်၏ ယာယီအကြီးအကဲအဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပြီး ကွယ်လွန်သူ သမ္မတရိုင်ဆီ အတွက် အများပြည်သူဆိုင်ရာ ဝမ်းနည်းခြင်း အထိမ်းအမှတ်ကာလ ငါးရက်သတ်မှတ်ကြောင်း ကြေညာခဲ့သည်။

အီရန်သည် ရိုင်ဆီ၏ အရိုက်အရာဆက်ခံသူကို ရွေးချယ်မည့် သမ္မတရွေးကောက်ပွဲကို ရက် ၅၀ အတွင်း ကျင်းပရမည်ဖြစ်သည်။

“အများပြည်သူဆိုင်ရာ ဝမ်းနည်းခြင်း အထိမ်းအမှတ်ကို ငါးရက်ကြာပြုလုပ်မယ်လို့ ကြေညာပါတယ်။ ချစ်လှစွာသော အီရန်ပြည်သူတွေအတွက် ဝမ်းနည်းစကား ပြောကြားလိုတယ်” ဟု ခါမေနီက ပြောကြားခဲ့ကြောင်း အီရန်နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြခဲ့သည်။

အီရန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ်ခွဲ ၁၃၁ အရ ဒုသမ္မတ-၁၊ လွှတ်တော်ဥက္ကဋ္ဌ နှင့် တရားရေးဌာန အကြီးအကဲတို့ ပါဝင်သည့် ကောင်စီသည် သမ္မတသစ်အား ရွေးကောက်တင်မြှောက်ရေးအတွက် ပြင်ဆင်မှု များ လုပ်ဆောင်ရမည်ဖြစ်သည်။

အီရန်၏ တိုင်းရေးပြည်ရာ ကိစ္စအဝဝကို အဆုံးအဖြတ်ပေးနိုင်သည့် ခါမေနီနှင့် နီးစပ်သူအဖြစ် ရှုမြင်ခံရသည့် မော့ခ်ဘာသည် ၂၀၂၁ ခုနှစ် ဒုသမ္မတ-၁ ဖြစ်လာခဲ့သည်။

၁၉၈၀ ခုနှစ်တွင် အီရန်၌ ပထမဆုံးအကြိမ် ရွေးကောက်ပွဲပြုလုပ်ပြီးနောက်ပိုင်း လေးနှစ်တစ်ကြိမ် သမ္မတရွေးကောက်ပွဲ ကျင်းပလေ့ရှိသည်။ အီရန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတစ်ဦးသည် သက်တမ်းနှစ်ကြိမ်ထက် ကျော်လွန်၍ တာဝန်ထမ်းဆောင်ခွင့်မရှိပေ။

အီရန်တွင် ဝန်ကြီးချုပ်ရာထူး ခန့်အပ်ခြင်းမရှိဘဲ အစိုးရအဖွဲ့ဖွဲ့စည်းရေးနှင့် စီမံခန့်ခွဲရေးအတွက် သမ္မတဖြစ်သူကို ဒုသမ္မတများက အကူအညီပေးသည်။

တရုတ်သမ္မတ ရှီကျင်းပင်က အီရန်သမ္မတ ရိုင်ဆီကွယ်လွန်မှုသည် အီရန်ပြည်သူများအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်ဟု ပြောကြားခဲ့ပြီး ရိုင်ဆီအား ဂုဏ်ပြုခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း ရိုင်ဆီသည် ထူးချွန်ထက်မြက်သည့် နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ၎င်းသေဆုံးမှုသည် အစားထိုး၍မရသည့် ဆုံးရှုံးမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

တူရကီကလည်း ရိုင်ဆီ ကွယ်လွန်မှုအတွက် အကြီးအကျယ် ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။               Ref:AFP

Most Read

Most Recent