ညွန့်ပေါင်းအဖွဲ့ခေါင်းဆောင်အဖြစ် တင်မြှောက်ခံရပြီးနောက် အစိုးရသစ်ဖွဲ့ရန် အိန္ဒိယဝန်ကြီးချုပ်မိုဒီ ပြင်ဆင်လျက်ရှိ

ညွန့်ပေါင်းအဖွဲ့ခေါင်းဆောင်အဖြစ် တင်မြှောက်ခံရပြီးနောက် အစိုးရသစ်ဖွဲ့ရန် အိန္ဒိယဝန်ကြီးချုပ်မိုဒီ ပြင်ဆင်လျက်ရှိ
ပြည်ထောင်စုအစိုးရသစ်ဖွဲ့ရန် သမ္မတ၏ဖိတ်ခေါ်စာကို လက်ခံရရှိပြီးနောက် သမ္မတအိမ်တော် အပြင်ဘက်တွင် မီဒီယာများအား ရှင်းလင်းပြောကြားနေသည့် ဝန်ကြီးချုပ်နရင်ဒရာမိုဒီကို ဇွန် ၇ ရက်က တွေ့ရစဉ်(Photo: AFP)
ပြည်ထောင်စုအစိုးရသစ်ဖွဲ့ရန် သမ္မတ၏ဖိတ်ခေါ်စာကို လက်ခံရရှိပြီးနောက် သမ္မတအိမ်တော် အပြင်ဘက်တွင် မီဒီယာများအား ရှင်းလင်းပြောကြားနေသည့် ဝန်ကြီးချုပ်နရင်ဒရာမိုဒီကို ဇွန် ၇ ရက်က တွေ့ရစဉ်(Photo: AFP)
Published 8 June 2024

မကြာမီက ကျင်းပခဲ့သည့် အိန္ဒိယ အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာအများစုကို ရရှိခဲ့သည့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်ညွန့်ပေါင်းအဖွဲ့(NDA)၏ ခေါင်းဆောင်အဖြစ် တရားဝင်တင်မြှောက်ခံ ရပြီးနောက် ဝန်ကြီးချုပ်နရင်ဒရာမိုဒီသည် အစိုးရသစ်ဖွဲ့စည်းရေးအတွက် ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိသည်။

၇၃ နှစ်အရွယ် မိုဒီသည် ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့စည်းမည်ဖြစ်ပြီး ဇွန် ၉ ရက်တွင် တတိယမြောက် ဝန်ကြီးချုပ်ရာထူးသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်သည်။

ယခုဆိုလျှင် မိုဒီသည် ဂျဝါဟလာနေရူးနောက်ပိုင်း  ဝန်ကြီးချုပ်ရာထူးကို သက်တမ်းသုံးကြိမ်ဆက် ရယူနိုင်သည့် ဒုတိယမြောက် အိန္ဒိယခေါင်းဆောင်ဖြစ်လာမည်ဖြစ်သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း မိုဒီ၏ဟိန္ဒူအမျိုးသားရေးဝါဒီ ဘာယာတီယာဂျနာတာ(BJP)ပါတီသည် NDA ညွန့်ပေါင်းအဖွဲ့ဝင်အဖြစ် အိန္ဒိယကိုအုပ်ချုပ်ခဲ့သော်လည်း BJP ပါတီအနေဖြင့် အစိုးရဖွဲ့ရန် ဒေသခံ  မဟာမိတ်ပါတီများ၏ ထောက်ခံမှုကိုလိုအပ်ခြင်းမှာ ယခုတစ်ကြိမ်သည် ပထမဆုံးဖြစ်သည်။

“ကျွန်တော်တို့ရဲ့ မဟာမိတ်အင်အားစုဟာ အိန္ဒိယရဲ့ စိတ်ဓာတ်အားမာန်ကို လက်တွေ့ထင်ဟပ်စေတယ်”ဟု BJP နှင့် အခြားညွန့်ပေါင်းပါတီများက ၎င်းကို ဝန်ကြီးချုပ်လောင်းအဖြစ် ထောက်ခံခဲ့ပြီးနောက်တွင် မိုဒီက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ အရင်ကလည်း မရှုံးနိမ့်ခဲ့သလို အခုလည်းမရှုံးပါဘူး။ အရင်ကလည်း NDA အစိုးရ၊ အခုလည်း ဒီအစိုးရ၊ နောက်လည်း ဒီအစိုးရကပဲဦးဆောင်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

အဆင့်ခုနစ်ဆင့်ဖြင့် သီတင်းပတ်ခြောက်ပတ်ကြာကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၏ တရားဝင်မဲရလဒ်များကို ဇွန် ၅ ရက်က ထုတ်ပြန်ခဲ့ရာတွင် BJP ပါတီက အမတ်နေရာ ၂၄၀ ရရှိခဲ့ပြီး အောက်လွှတ်တော်၏ အမတ်နေရာအများစုကို ထိန်းချုပ်နိုင်ရန် လိုအပ်သည့် အရေအတွက်ဖြစ်သော အမတ်နေရာ ၂၇၂ နေရာအောက် သိသိသာသာ လျော့နည်းခဲ့သည်။

သို့သော် NDA ညွန့်ပေါင်းအုပ်စုဝင် ပါတီအားလုံးသည် အမတ်ဦးရေ ၅၄၃ နေရာ ရှိအောက်လွှတ်တော်တွင် အမတ်နေရာ ၂၉၃ နေရာ ရရှိခဲ့သည်။

ထိုအတောအတွင်း မိုဒီ၏နိုင်ငံရေးပြိုင်ဘက်ဖြစ်သည့် ကွန်ဂရက်ပါတီဦးဆောင်သော အတိုက်အခံ မဟာမိတ်အုပ်စုဖြစ်သော INDIA သည် ပြီးခဲ့သည့် ရွေးကောက်ပွဲတုန်းကထက် ပိုမိုကောင်းမွန်သည့် စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး အမတ်နေရာ ၂၃၂ နေရာကို ရယူနိုင်ခဲ့သည်။

ဝန်ကြီးချုပ်မိုဒီကို NDA ညွန့်ပေါင်းအဖွဲ့ ခေါင်းဆောင်အဖြစ် တရားဝင်မတင်မြှောက်မီက ၎င်း၏ညွန့်ပေါင်းအစိုးရတွင် ပါဝင်ရန် ညှိနှိုင်းခဲ့သည့် အရေးပါသော ဒေသခံမဟာမိတ်ပါတီနှစ်ခုက BJP ပါတီ ထိန်းချုပ်ထားသည့် ဝန်ကြီးဌာနအချို့ အပါအဝင်အရေးပါသော ဝန်ကြီးဌာနများကိုရယူရန် စိတ် ဝင်စားနေသည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

မိုဒီနှင့် BJP ပါတီအပေါ် အတိုက်အခံအင်အားစုက တိုးမြှင့်ဖိအားပေးလာသည့် လုပ်ရပ်အဖြစ် ကွန်ဂရက်ပါတီ၏ အဓိကစည်းရုံးရေးမှူးဖြစ်သည့် ရာဟူးဂန္ဒီက စတော့စျေးကွက်ဆိုင်ရာ အကြီးမားဆုံးလိမ်လည်မှုဟုဆိုသည့် ဖြစ်စဉ်ကို လွှတ်တော်က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန် တောင်းဆိုခဲ့ပြီး မိုဒီနှင့် BJP ပါတီဝင် ထိပ်ပိုင်းအစိုးရဝန်ကြီးများ၏ အယုံသွင်းမှုကြောင့် ရင်းနှီးမြှုပ်နှံသူများ ငွေကြေးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည်ဟု စွပ် စွဲခဲ့သည်။

BJP ပါတီက ယင်းစွပ်စွဲချက်ကို ငြင်းဆန်ခဲ့ပြီး ကွန်ဂရက်ပါတီသည် ရင်းနှီးမြှုပ်နှံသူများ အယုံအကြည်မဲ့အောင် လုပ်နေသည်ဟု တန်ပြန်စွပ်စွဲခဲ့သည်။ မိုဒီ၏ အနိုင်ရလဒ်အတွက် အမေရိကန်၊ တရုတ်၊ ရုရှားနှင့် ကမ္ဘာ့ နိုင်ငံများက ဂုဏ်ပြုခဲ့သည်။    

Ref: AP

Most Read

Most Recent