အကြမ်းဖက်မှုကို တိုက်ဖျက်ရာတွင် တာလီဘန်အဖွဲ့သည် ရုရှား၏ မဟာမိတ်ဖြစ်ကြောင်း သမ္မတဗလာဒီမာပူတင် ပြောကြား

အကြမ်းဖက်မှုကို တိုက်ဖျက်ရာတွင် တာလီဘန်အဖွဲ့သည် ရုရှား၏ မဟာမိတ်ဖြစ်ကြောင်း သမ္မတဗလာဒီမာပူတင် ပြောကြား
ဇူလိုင် ၃ ရက်က အက်စတာနာမြို့တော်တွင်ပြုလုပ်သည့် SCO အစည်းအဝေးတွင် ရုရှားသမ္မတပူတင်ကို တွေ့ရစဉ်(Photo:AFP)
ဇူလိုင် ၃ ရက်က အက်စတာနာမြို့တော်တွင်ပြုလုပ်သည့် SCO အစည်းအဝေးတွင် ရုရှားသမ္မတပူတင်ကို တွေ့ရစဉ်(Photo:AFP)
Published 5 July 2024

အကြမ်းဖက်မှုကို တိုက်ဖျက်ရာတွင် တာလီဘန်အဖွဲ့သည် ရုရှား၏ မဟာမိတ်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇူလိုင် ၄ ရက်တွင် ပြောကြားခဲ့သည်။

တာလီဘန်အဖွဲ့သည် ရုရှားတွင် ပိတ်ပင်ခံထားရသည့် အဖွဲ့ဖြစ်သော်လည်း ၎င်းတို့သည် အာဖဂန်နစ္စတန်ကို ထိန်းချုပ်ထားသဖြင့် အကြမ်းဖက်မှုကို တိုက်ဖျက်ရာတွင် မဟာမိတ်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

ရုရှားသည် ၂၀၀၃ ခုနှစ်ကတည်းက တာလီဘန်အဖွဲ့ကို ပိတ်ပင်ထားသည့်တိုင် တာလီဘန်နှင့် ဆက်ဆံရေးများကို မြှင့်တင်ခဲ့ပြီး ပြီးခဲ့သည့်လကလည်း ရုရှားအနေဖြင့် တာလီဘန်အစိုးရနှင့် ဆက်ဆံရေးထူထောင်ရန် ပူတင်က တိုက်တွန်းခဲ့သည်။

“တာလီဘန်တွေဟာ အာဖဂန်မှာ အာဏာကိုထိန်းချုပ်ထားတယ်လို့ ကျွန်တော်တို့ လက်ခံရပါမယ်။ သဘောတရားအရ တာလီဘန်တွေဟာ အကြမ်းဖက်မှုကို တိုက်ဖျက်ရာမှာ ကျွန်တော်တို့ရဲ့ မဟာမိတ်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်အာဏာပိုင်မဆို သူတို့အုပ်ချုပ်တဲ့ နိုင်ငံကို တည်ငြိမ်စေချင်ကြပါတယ်”ဟု ပူတင်က ကာဇက်စတန်နိုင်ငံ အက်စတာနာမြို့တော်တွင် ပြောကြားခဲ့သည်။

ဇူလိုင် ၄ ရက်က အက်စတာနာတွင် ပြုလုပ်သည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီး အစည်းအဝေးတွင် ပူတင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

SCO သည် အနောက်မဟာမိတ် အင်အားစုကို တန်ပြန်ရန် ထူထောင်ထားသော လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုအဖြစ် ယူဆခံထားရသည်။

တာလီဘန်အဖွဲ့သည် အာဖဂန်နစ္စတန်တွင် ၎င်းတို့၏ ပြိုင်ဘက်ဖြစ်သည့် အိုင်အက်စ် ခိုရာဆန် (IS-K) ကို နှစ်ပေါင်းများစွာကြာ တိုက်ခိုက်ခဲ့သည်။

မတ်လအတွင်းက မော်စကိုမြို့တော်ရှိ ဖျော်ဖြေရေးခန်းမတစ်ခုတွင် IS-K အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် လူပေါင်း ၁၄၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်စဉ်သည် ရုရှားတွင် ဆယ်စုနှစ် နှစ်စုနီးပါးအတွင်း လူသေဆုံးမှုအများဆုံး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ခဲ့သည်။

တာလီဘန်တို့သည် ၂၀၂၁ ခုနှစ်က အာဖဂန်နစ္စတန်တွင် အာဏာပြန်ရလာပြီးကတည်းက အစ္စလာမ်မစ်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အမျိုးသမီးများ၏ အခွင့်အရေးကို တားမြစ်ကန့်သတ်ခဲ့သည်။

တာလီဘန်အဖွဲ့သည် တာဝန်ယူမှု၊ တာဝန်ခံမှုအချို့ကို လုပ်ဆောင်ခဲ့သော်လည်း ပြည်တွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ အာရုုံစိုက်ခံနေရသည့် အရေးကိစ္စများရှိနေဆဲဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

“တာလီဘန်အဖွဲ့ဟာ အာဖဂန်နစ္စတန် တည်ငြိမ်စေဖို့ အရာအားလုံးကို စိတ်ဝင်စားမယ်ဆိုတာ သေချာပါတယ်”ဟု ပူတင်က ပြောကြားခဲ့သည်။

၁၉၈၀ ပြည့်နှစ်က အာဖဂန်နစ္စတန်ကို ဆိုဗီယက်က ကျူးကျော်ခဲ့ပြီးနောက် ရှုတ်ထွေးသည့် သမိုင်းကြောင်းရှိခဲ့သည့်တိုုင် ရုရှားသည် အာဖဂန်မှ အမေရိကန်တပ်များ ထွက်ခွာသွားပြီးနောက် အာဖဂန်နှင့် ဆက်ဆံရေးများ တိုးတက်ကောင်းမွန်ခဲ့သည်။

သို့သော်လည်း ရုရှားသည် လက်ရှိအချိန်ထိ တာလီဘန်အစိုးရအဖွဲ့နှင့် တာလီဘန်တို့ အမည်ပေးထားသည့် အာဖဂန်နစ္စတန် အစ္စလာမ်မစ်စော်ဘွားနိုင်ငံဆိုသည့် အမည်ကို တရားဝင် အသိအမှတ်ပြုခြင်းမရှိသေးပေ။

Ref:AFP

         

Most Read

Most Recent