တင်းမာမှုများမြင့်တက်လာသော အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့

တင်းမာမှုများမြင့်တက်လာသော အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့
Photo-AFP
Photo-AFP
Published 16 June 2024

အစ္စရေးခေါင်းဆောင်များသည် လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်ဇ်ဘိုလာ အစ္စလာမ်မစ်လှုပ်ရှားမှုအဖွဲ့ကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး သတိပေးချက်များ တိုးမြှင့်ထုတ်ပြန်ထားခဲ့သော်လည်း မီးကုန်ယမ်းကုန်စစ်ပွဲဖြစ်ပွားမည့် အန္တရာယ်မျိုး မရှိသေးကြောင်း ကျွမ်းကျင်သူများက ယူဆထားသည်။

ဟစ်ဇ်လိုလာအဖွဲ့ကမူ ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်တွင် စတင်ဖြစ်ပွားခဲ့သည့် အစ္စရေးနှင့် ဟားမာ့စ်တို့၏ ရှစ်လကြာစစ်ပွဲတွင် ဟားမာ့စ်ဘက်မှ ထောက်ခံကြောင်း ပြသသည့်အနေဖြင့် အစ္စရေး၏ နယ်စပ်ဒေသများကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရန်က ကျောထောက် နောက်ခံပေးထားသည့် ဟစ်ဇ်ဘိုလာအဖွဲ့သည် မကြာသေးမီရက်များ အတွင်းအစ္စရေးနိုင်ငံမြောက်ပိုင်းရှိ စစ်ရေးပစ်မှတ်များကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သဖြင့် တောမီး လောင်ကျွမ်းမှုများဖြစ်ပွားခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးလေယာဉ်များကို လေယာဉ် ပစ်ဒုံးကျည်များဖြင့် ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့သည်။

“ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း တိုက်ခိုက်မှုတွေ မြင့်တက်ခဲ့ပါတယ်”ဟု အရှေ့အလယ်ပိုင်း အခြေစိုက် လုံခြုံရေးအတိုင်ပင်ခံ ကုမ္ပဏီဖြစ်သည့် Le Beck International မှ ပထဝီနိုင်ငံရေးလေ့လာသူ မိုက်ကယ် ဟိုရိုဝစ်ဇ်က ပြောကြားခဲ့ပြီး မေလအတွင်းက တိုက်ခိုက်မှုများသည် ဇန်နဝါရီလကထက် သုံးဆခန့် မြင့်တက်ခဲ့သည်ဟု ထပ်လောင်း ပြောဆိုခဲ့သည်။

“ဟစ်ဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးရဲ့ မြို့သစ်တွေကို စစ်ဆင်ရေး တွေချဲ့ထွင်နေချိန်မှာ Kamikaze ဒရုန်းတွေလိုမျိုး ထိရောက်တဲ့ လက်နက်အသစ်တွေ ထုတ်လုပ်အသုံးပြုနေပါတယ်” ဟု ၎င်းက ဆိုသည်။

မည်သို့ပင်ဆိုစေ ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးနိုင်ငံအတွင်း နက်ရှိုင်းသည့် ပစ်မှတ်များကို တိုက် ခိုက်ခြင်းမရှိခဲ့ကြောင်း ဟစ်ဇ်ဘိုလာ အဖွဲ့ခေါင်းဆောင် ဟက်ဆန် နာဆရာလာက ပြောကြားခဲ့ပြီး ၎င်းတို့အ ဖွဲ့သည် အလွန်အင်အားပြင်းသည် လက်နက်တိုက်အတွင်းမှ အနည်းငယ်ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်ဟု သတိပေးခဲ့သည်။

အစ္စရေးကလည်း လက်ဘနွန် နို်င်ငံအတွင်းရှိ ဟစ်ဇ်ဘုလာပစ်မှတ်များကို တိုက်ခိုက်နေပြီး အထူးသဖြင့် ဟစ်ဇ်ဘိုလာအဖွဲ့၏ စခန်းများနှင့် မြေအောကလိုဏ်ခေါင်းများရှိသည့် လက်ဘနွန်အရှေ့ပိုင်းဘက်ကာ ဗယ်လီဒေသနှင့် နယ်စပ်ဒေသများကို တိုက်ခိုက်ခဲ့သည်။

အစ္စရေးနှင့် လက်ဘနွန်အကြား ရှစ်လကြာဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် လက်ဘနွန်တွင် အရပ်သား ၉၀ ခန့်နှင့် ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား ၃၀၀ နီးပါးအပါအဝင် လူပေါင်း ၄၅၅ ဦး ထက်မနည်း သေဆုံးခဲ့သည်။

ထိုသေဆုံးသူအရေအတွက်သည် ၂၀၀၆ ခုနှစ်က လက်ဘနွန်- အစ္စရေးစစ်ပွဲအတွင်း လက်ဘနွန်ဘက်က သေဆုံးခဲ့သူအရေအတွက်ထက် ပိုမိုများပြားခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့၏ တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် အရပ်သား ၁၁ ဦးနှင့် စစ်သား ၁၅ ဦးသေဆုံးခဲ့သည်ဟု အစ္စရေးအာဏာပိုင်များက ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကမူ ဟစ်ဇ်ဘိုလာအဖွဲ့ကို ပိုမိုရန်လိုသည့် ကြေညာချက်များကို ထုတ်ပြန်ခဲ့သည်။

အစ္စရေးသည် မြောက်ပိုင်းနယ်စပ်တွင် အလွန်ပြင်းထန်သည့် စစ်ဆင်ရေးတစ်ခုအတွက် ပြင်ဆင်ခဲ့ကြောင်း နေတန်ယာဟုက ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောကြားခဲ့သည်။

နေတန်ယာဟု၏ မဟာမိတ်ဖြစ်သည့် ဘဏ္ဍာရေးဝန်ကြီး ဘီဇာလယယ် စမွတ်ရစ်ချ်ကလည်း အစ္စရေးသည် လက်ဘနွန်နိုင်ငံကို ကျူးကျော်ဝင်ရောက်သင့်ပြီး နယ်စပ်ဒေသရှိ သောင်းနှင့်ချီသည့် လက်ဘနွန် နိုင်ငံသားများကို နယ်စပ်မှ မောင်းထုတ်သင့်ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်အကြီးအကဲ လက်ထောက်ဗိုလ်ချုပ်ကြီး ဟာဇီဟာလီဗီကလည်း အစ္စရေးသည် နိုင် ငံမြောက်ပိုင်းတွင် ထိုးစစ်ဆင်ရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ ဟစ်ဇ်ဘိုလာ အဖွဲ့လက်ထောက်အကြီးအကဲ နာအင်ကက်ဆင်ကမူ ၎င်းတို့သည့် တိုက်ပွဲကို ပိုမိုမချဲ့ထွင်လိုကြောင်း၊ မီးကုန်ယမ်းကုန်စစ်ပွဲမဖြစ်စေလိုကြောင်း၊ သို့သော် အစ္စရေးက တိုက် ခိုက်လာမည် ဆိုပါက မိမိတို့ဘက်က တိုက်ခိုက်ရန်အသင့်ရှိကြောင်း ပြောကြားခဲ့သည်။                  

Ref:AFP

Most Read

Most Recent