အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းပေါ်တွင် ရေကြီးမှုကြောင့် သေဆုံးသူ ၆၇ ဦးအထိ မြင့်တက်

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းပေါ်တွင် ရေကြီးမှုကြောင့် သေဆုံးသူ ၆၇ ဦးအထိ မြင့်တက်
မေ ၁၃ ရက်က အနောက်ဆူမားတြားပြည်နယ် တာနာဒါတာမြို့တွင် ရေလွှမ်းမိုးမှုဖြစ်ပွားပြီးနောက် မြေတူးစက်များဖြင့် ရှင်းလင်းရေးများ ပြုလုပ်နေစဉ်(Photo:AFP)
မေ ၁၃ ရက်က အနောက်ဆူမားတြားပြည်နယ် တာနာဒါတာမြို့တွင် ရေလွှမ်းမိုးမှုဖြစ်ပွားပြီးနောက် မြေတူးစက်များဖြင့် ရှင်းလင်းရေးများ ပြုလုပ်နေစဉ်(Photo:AFP)
Published 16 May 2024

အင်ဒိုနီးရှားနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက မီးတောင်ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် ချော်ရည်များနှင့် အပျက်အစီးများသည် လူနေဒေသများသို့ စီးကျလာပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူ ၆၇ ဦးအထိမြင့်တက်ခဲ့ပြီး ကယ်ဆယ်ရေးသမားများက မေ ၁၅ ရက်အထိ ပျောက်ဆုံးနေသူများကို ရှာဖွေလျက်ရှိသည်။

မေ ၁၁ ရက်က နာရီပေါင်းများစွာကြာ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှံ့များ နှင့် ကျောက်တုံးကျောက်ခဲများသည် မီးတောင်တစ်လုံးအနီးရှိ ခရိုင်များပေါ်သို့ လိမ့်ဆင်းကျလာခဲ့ပြီး ဒါဇင်နှင့်ချီသည့် လူနေအိမ်များ ပျက်စီးကာ ဗလီများနှင့် လမ်းများထိခိုက်ခဲ့သည်။

“ပျောက်ဆုံးနေသူတွေထဲက တချို့ကို တွေ့ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူ ၆၇ ဦးရှိပါတယ်”ဟု အမျိုး သား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီအကြီးအကဲ ဆူဟာယန်တိုက မေ ၁၅ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲွတွင် ပြောကြားခဲ့သည်။

ရေကြီးရေလျှံမှုနှင့်အတူ မြောပါသွားခဲ့သည့် အလောင်းများကို မြစ်များအတွင်းနှင့် မြစ်များ၏ အနီးတစ်ဝိုက်တွင် တွေ့ရှိခဲ့ရပြီး လူ ၂၀ ခန့် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရေကြီးရေလျှံခဲ့ပြီးနောက် လုပ်သားများသည် ပျက်စီးနေသော အဆောက်အအုံများကို သန့်ရှင်းရေးလုပ်ခဲ့သည်။ ကယ်ဆယ်ရေးသမားများသည် မြစ်များ၊ အပျက်အစီးများကြားတွင် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန် အပူဖြင့်ရှာဖွေသော ဒရုန်းများကို အသုံးပြုခဲ့သည့်အပြင် မြေတူးစက်များကိုလည်း အသုံးပြုခဲ့ကြကာ လက်ချည်းသက်သက်ရှာဖွေမှုများကိုလည်း လုပ်ဆောင်ခဲ့ကြသည်။

“အရေးပေါ်ကယ်ဆယ်ရေးအတွက် စက်ယန္တရားကြီးတွေဟာ ဘေးအန္တရာယ်ဖြစ်ရာနေရာတွေကို သန့်ရှင်းတာတွေ လုပ်နေပါတယ်။ ပြီးတော့ ဒုက္ခရောက်နေတဲ့လူတွေကို ကောင်းမွန်စွာ စောင့်ရှောက်ဖို့ ကျွန်တော်တို့ဟာ ကယ်ဆယ်ရေးစခန်းတွေကို သွားခဲ့ကြပါတယ်”ဟု အမျိုးသားဘေးအန္တရာယ်လျော့ပါး ရေးအေဂျင်စီ (BNPB) ၏ အကြီးအကဲ ဆူဟာရန်တိုက မေ ၁၃ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ လူ ၃၇ ဦးသည် ဒဏ်ရာများရရှိထားသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ရေဘေးသင့်သည့် နေရာဒေသများမှ လူပေါင်း ၃၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

လက်ရှိတွင် အင်ဒိုနီးရှားအာဏာပိုင်များသည် နောက်ထပ် မိုးများသည်းထန်စွာ ရွာသွန်းမည့်အရေးမှ တားဆီးရန် တိမ်များ မထူထပ်မီ မိုးအတုရွာသွန်းစေမည့် နည်းပညာကို အသုံးပြုလျက်ရှိကြောင်း အာဏာပိုင်  များက မေ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ထိုကဲ့သို့ မိုးအတုရွာသွန်းခြင်းဖြင့် တိမ်များမထူထပ်မီနှင့် ရေငွေ့များ မသိပ်သည်းမီ အချိန်တွင် မိုးရေအနည်းငယ်သာ ရွာကျလာမည်ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံတွင် မိုးရာသီကာလများအတွင်း မြေပြိုမှုများနှင့် ရေလွှမ်းမိုးမှုများ ဖြစ်ပွားလေ့ရှိသည်။

၂၀၂၂ ခုနှစ်ကလည်း ဆူမားတြားကျွန်းတွင် ရေလွှမ်းမိုးမှုများကြောင့် လူပေါင်း ၂၄၀၀၀ ခန့် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရာကာ သစ်တောများပြုန်းတီးမှုက ဆိုးရွားသည့် သဘာဝဘေးအန္တရာယ်များကို ပိုမိုဆိုးရွားစေ ခဲ့ကြောင်း သဘာဝပတ်ဝန်းကျင်ကာကွယ် ထိန်းသိမ်းသူများက ပြောကြားခဲ့သည်။

သစ်ပင်များသည် ရေလွှမ်းမိုးမှုများကို ကာကွယ်တားဆီးပေးသည့် သဘာဝ အကာအကွယ်တစ်ခုဖြစ်ပြီး ရေများကို တောင်ကုန်းများမှ စီးဆင်းကျသည့်အရှိန်ကို လျော့နည်းစေပြီး မြစ်များထဲသို့ ရေများကျရောက်မှုကို လျော့နည်းစေသည်။         

Ref:AFP         

Most Read

Most Recent