မန်ယူအသင်း ယာယီနည်းပြဖြစ်သူ ရုဒ်ဗန်နစ္စတယ်ရွိုင်းက အနာဂတ်တွင် မည်သည့်ရာထူးရရှိသည်ဖြစ်စေ အသင်းအတွက် ကူညီပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။
မန်ယူအသင်း တိုက်စစ်မှူးဟောင်းဖြစ်သူ နစ္စတယ်ရွိုင်းသည် ယခုနွေရာသီတွင် အဲရစ်တန်ဟက်ဂ်၏ လက်ထောက်နည်းပြအဖြစ် နှစ်နှစ်စာချုပ်ဖြင့် ခန့်အပ်ခံထားရခြင်း ဖြစ်သည်။
သို့သော် ရာသီအစ ရလဒ်ဆိုးများကြောင့် အောက်တိုဘာ ၂၈ ရက်တွင် တန်ဟက်ဂ်ထုတ်ပယ်ခံရပြီးနောက် နစ္စတယ်ရွိုင်းကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့သည်။
နစ္စတယ်ရွိုင်းသည် ၎င်း၏ပထမဆုံးပွဲအဖြစ် အောက်တိုဘာ ၃၀ ရက်တွင် လက်စတာအသင်းနှင့် လိဂ်ဖလားပွဲစဉ်ယှဉ်ပြိုင်ကစားရာ အိမ်ကွင်း၌ (၅-၂) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရပြီး ကွာတားဖိုင်နယ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။
ယင်းပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် အနာဂတ်အစီအစဉ်နှင့်ပတ်သက်၍ မေးမြန်းမှုများကို နစ္စတယ်ရွိုင်းက ''ဟုတ်ပါတယ်။ ကျွန်တော်က လက်ထောက်နည်းပြအနေနဲ့ အသင်းကိုကူညီပေးဖို့ ရောက်လာခဲ့တာပါ။ အခုတော့ ဒီရာထူးအတွက် လိုအပ်သလောက် ကူညီပေးနေပါတယ်။ အနာဂတ်မှာလည်း ဘယ်ရာထူးပဲဖြစ်ဖြစ်ပါ။ အနာဂတ်မှာ အသင်းကို ပိုပြီးတည်ဆောက်နိုင်အောင် ကူညီပေးဖို့ ဒီနေရာကို ကျွန်တော်ရောက်လာတာပါ။ ကျွန်တော် ဒီနေရာမှာရှိနေတာ အဲဒီ အတွက်ပါ။ ဒါက ကာလတိုအခြေအနေဆိုတာ သေချာပါတယ်။ ဒါကြောင့် ဒီနေ့က ကျွန်တော့်အတွက် အရေးကြီးဆုံးပါပဲ။ ခပ်တိုတိုပြောရရင် ကျွန်တော်တို့အနေနဲ့ ကွာတားဖိုင်နယ်တက်နိုင်ဖို့ ကိစ္စတွေအတော်များများ လုပ်ခဲ့ရတယ်။ ကစားသမားတွေကို ဂုဏ်ပြုပါတယ်။ ဒီနေ့ သူတို့အရမ်းကောင်းပါတယ်။ အခုလောလောဆယ်တော့ တနင်္ဂနွေနေ့ ကစားရမယ့် ချယ်လ်ဆီးနဲ့ပွဲကို အာရုံစိုက်ထားပါတယ်။ အဲဒီနောက် ထပ်ဖြစ်လာမှာတွေကို ကျွန်တော်တကယ်မတွေးထားပါဘူး'' ဟု ဖြေကြားသည်။
မည်သည့်ရာထူးဖြစ်စေ အသင်းအတွက် ကူညီပေးမည်ဟု မန်ယူအသင်းယာယီနည်းပြ နစ္စတယ်ရွိုင်း ဆို
Photo: Getty Images