Ballon d'Or ဆုပေးပွဲမတိုင်မီ တစ်ရက်အလိုတွင် ဆုရရှိသည့်စာရင်း ကြိုတင်ပေါက်ကြားခဲ့ပြီး  ရမှတ် ၆၃၀ ဖြင့် ဗင်နီစီယပ်စ် အကောင်းဆုံးဆုရရှိဟု ဖော်ပြထား

Ballon d'Or ဆုပေးပွဲမတိုင်မီ တစ်ရက်အလိုတွင် ဆုရရှိသည့်စာရင်း ကြိုတင်ပေါက်ကြားခဲ့ပြီး  ရမှတ် ၆၃၀ ဖြင့် ဗင်နီစီယပ်စ် အကောင်းဆုံးဆုရရှိဟု ဖော်ပြထား
Photo: X
Photo: X
Published 28 October 2024

၂၀၂၄ ခုနှစ်အတွက် Ballon d'Or ဆု ချီးမြှင့်ပွဲအခမ်းအနားမတိုင်မီ တစ်ရက်အလိုတွင် ဆုရရှိသည့်စာရင်း ကြိုတင်ပေါက်ကြားခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် Ballon d'Or ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ည မြန်မာစံတော်ချိန် ၂း၁၅ နာရီတွင် ကျင်းပမည်ဖြစ်သည်။

သို့သော်  အောက်တိုဘာ ၂၇ ရက်ကတည်းက ဆုရရှိသည့်ကစားသမားစာရင်း ကြိုတင်ပေါက်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းစာရင်းတွင် မဲအများဆုံးရရှိသည့် ကစားသမား ၁၂ ဦးပါဝင်ပြီး တစ်ဦးချင်းစီ ရရှိသည့် ရမှတ်များကိုပါ ဖော်ပြထားသည်။

ကြိုတင်ပေါက်ကြားခဲ့သည့်စာရင်းအရ ရီးယဲလ်မက်ဒရစ်အသင်း၏ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမား ဗင်နီစီယပ်စ် ဂျူနီယာက ရမှတ် ၆၃၀ ဖြင့် Ballon d'Or ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

၎င်း၏ နောက်တွင် မန်စီးတီးအသင်း၏ စပိန်ကွင်းလယ်လူ ရိုဒရီက ၅၇၆ မှတ်ဖြင့် ဒုတိယ၊ ရီးယဲလ်အသင်း၏ အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်က ၄၂၂ မှတ်ဖြင့် တတိယ ရပ်တည်ခဲ့သည်။

ထို့ပြင် အမ်ဘာပေ (ရီးယဲလ်) က ၃၁၇ မှတ်၊ ဟာရီကိန်း (ဘိုင်ယန်မြူးနစ်) က ၂၀၁ မှတ်၊ ဟာလန်း (မန်စီးတီး) က ၁၉၅ မှတ်၊ ယာမားလ် (ဘာစီလိုနာ) က ၁၂၈ မှတ်၊ ဖိုဒန် (မန်စီးတီး) က ၂၉ မှတ်၊ အော်လ်မို (ဘာစီလိုနာ) က ၂၅ မှတ်၊ ဗက်ဇ် (လေဗာကူဆင်) က ၂၄ မှတ်၊ ကာဗာဟယ်လ် (ရီးယဲလ်) က ၁၇ မှတ်နှင့် ရူဒီဂါ (ရီးယဲလ်၊ အမှတ်မသိရ) တို့က အစဉ်လိုက်ရပ်တည်ခဲ့ကြသည်။

အဆိုပါ ဆုစာရင်းပေါက်ကြားမှုနှင့်ပတ်သက်၍ ပေါ်တူဂီစကားပြောသည့် ဂျာနယ်လစ်တစ်ဦးက '' ပေါက်ကြားခဲ့တဲ့ Ballon d'Or ဆုစာရင်းက တကယ်ဆိုရင် ဟာလန်းက ဘာကြောင့် အဆင့် ၆ ဖြစ်ရတာလဲဆိုတာ ရှင်းပြရပါမယ်။ ဗင်နီစီယပ်စ်ဂျူနီယာကတော့ ကမ္ဘာ့အကောင်းဆုံးဆုနဲ့ ထိုက်တန်ပါတယ်'' ဟု လူမှုမီဒီယာ X တွင် ပြောကြားသည်။

ဘောလုံးလောက၏ ဂုဏ်သိက္ခာကြီးမားသည့် Ballon d'Or ဆုကို ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ၁၉၅၆ ခုနှစ်မှစ၍ ပေးအပ်ချီးမြှင့်နေခြင်းဖြစ်ပြီး ယခုနှစ်တွင် ၆၈ ကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ်သည်။

ယခုနှစ် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပြင်သစ်ဘောလုံးမဂ္ဂဇင်းနှင့်အတူ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) က ပထမဆုံးအကြိမ် ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ဆုအမျိုးအစား ၁၀ ခု ချီးမြှင့်မည်ဖြစ်သည်။

ကြိုတင်ပေါက်ကြားခဲ့သည့် ဆုရရှိမှုစာရင်း

အမည်    အသင်း    ရမှတ်

ဗင်နီစီယပ်စ်    ရီးယဲလ်    ၆၃၀

ရိုဒရီ    မန်စီးတီး    ၅၇၆

ဘယ်လင်ဂမ်    ရီးယဲလ်    ၄၂၂

အမ်ဘာပေ    ရီးယဲလ်    ၃၁၇

ဟာရီကိန်း    ဘိုင်ယန်မြူးနစ်    ၂၀၁

ဟာလန်း    မန်စီးတီး    ၁၉၅

ယာမားလ်    ဘာစီလိုနာ    ၁၂၈

ဖိုဒန်    မန်စီးတီး    ၂၉

အော်လ်မို    ဘာစီလိုနာ    ၂၅

ဗက်ဇ်    လေဗာကူဆင်    ၂၄

ကာဗာဟယ်လ်    ရီးယဲလ်    ၁၇

ရူဒီဂါ    ရီးယဲလ်    မသိရ

Most Read

Most Recent