စပိန်ကြယ်ပွင့်များဖြစ်သည့် နီကိုဝီလီယံစ်၊ အော်လ်မိုတို့အားခေါ်ယူနိုင်ရန်အတွက် ရာဖင်ညာ၊ ဗစ်တာရိုကေးနှင့် အန်ဆူဖာတီတို့အားရောင်းချရန် ဘာစီလိုနာ စီစဉ်

စပိန်ကြယ်ပွင့်များဖြစ်သည့် နီကိုဝီလီယံစ်၊ အော်လ်မိုတို့အားခေါ်ယူနိုင်ရန်အတွက် ရာဖင်ညာ၊ ဗစ်တာရိုကေးနှင့် အန်ဆူဖာတီတို့အားရောင်းချရန် ဘာစီလိုနာ စီစဉ်
Photos: Getty Images
Photos: Getty Images
Published 29 July 2024

 

ဘာစီလိုနာအသင်းသည် ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်း၏ အဓိကပစ်မှတ်ကစားသမား (၂) ဦးဖြစ်သည့် စပိန်ကြယ်ပွင့်တောင်ပံကစားသမား နီကိုဝီလီယံစ်နှင့် ကွင်းလယ်လူ ဒန်နီအော်လ်မိုတို့အား ခေါ်ယူနိုင်ရန်အတွက် အသင်း၏ကစားသမားများဖြစ်သော ဘရာဇီးလ်တောင်ပံကစားသမား ရာဖင်ညာ၊ တိုက်စစ်ကစားသမား ဗစ်တာရိုကေးနှင့် စပိန်တောင်ပံကစားသမား အန်ဆူဖာတီတို့အား ရောင်းချသွားရန် စီစဉ်နေကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် စပိန်အသင်းနှင့်အတူ ချန်ပီယံဆုရယူပြီး ပြိုင်ပွဲ၏ အကောင်းဆုံးအသင်းတွင် ပါဝင်နိုင်ခဲ့သည့် ဘီလ်ဘာအို တောင်ပံကစားသမား နီကိုဝီလီယံစ် (၂၂ နှစ်)နှင့် လိုက်ပ်ဇစ်ကွင်းလယ်လူ ဒန်နီအော်လ်မို (၂၆ နှစ်)တို့အား ခေါ်ယူနိုင်ရန် ကာလရှည်ကြိုးပမ်းခဲ့သော်လည်း လက်ရှိအချိန်အထိ အောင်မြင်မှုရရန် ရုန်းကန်နေရဆဲဖြစ်သည်။ 

ဘာစီလိုနာအသင်းအနေဖြင့် နီကိုဝီလီယံစ်နှင့် ဒန်နီအော်လ်မိုတို့အား ခေါ်ယူနိုင်ရန်အတွက် ပြောင်းရွှေ့ကြေးအနည်းဆုံး ယူရိုသန်း (၁၀၀)ခန့် အသုံးပြုရဖွယ်ရှိနေပြီး ယင်းပမာဏ မှာ ဘဏ္ဍာရေးကျပ်တည်းမှုများဖြင့် ရင်ဆိုင်နေရသည့် ဘာစီလိုနာအသင်းအတွက် အကြီးမားဆုံးအတားအဆီးဖြစ်နေကြောင်း သိရသည်။ ထို့ကြောင့် ဘာစီလိုနာအသင်းအနေဖြင့် အသင်းရှိ တန်ကြေးမြင့်ကစားသမားများကို ဦးစွာရောင်းချနိုင်ရန် လိုအပ်နေပြီး ရာဖင်ညာ၊ ဗစ်တာရိုကေးနှင့် အန်ဆူဖာတီတို့၏ အပြောင်းအရွှေ့များအတွက် ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ရာဖင်ညာ (၂၇ နှစ်)အား ဆော်ဒီပရိုလိဂ်ကလပ်အသင်းများထံ ရောင်းချရန် ဆွေးနွေးလျက်ရှိပြီး အနည်းဆုံး ယူရိုသန်း (၆၀)ခန့်ရရှိရန် မျှော်လင့်ထားသလို၊ ဗစ်တာရိုကေးနှင့် အန်ဆူဖာတီတို့အတွက်လည်း ယူရိုသန်း (၅၀)ခန့် အလိုရှိနေကြောင်း သိရသည်။ ထို့ပြင် လက်ရှိတွင် နီကိုဝီလီယံစ်အား ခေါ်ယူရန်အတွက် ပြင်သစ်ထိပ်သီးကလပ် PSG အသင်းက ပစ်မှတ်ထားနေသလို၊ လိုက်ပ်ဇစ်အသင်းမှ စာချုပ်လျော်ကြေးဖြင့် ထွက်ခွာခွင့် ရှိနေပြီဖြစ်သည့် ဒန်နီအော်လ်မိုကိုလည်း ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်စီးတီးအသင်းက ချိန်ရွယ်နေခြင်းကြောင့် ဘာစီလိုနာအသင်းအနေဖြင့် ယင်းကစားသမား (၂)ဦးစလုံးအား အမြန်ဆုံးခေါ်ယူနိုင်ရန် ဆန္ဒပြင်းပြနေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ဘာစီလိုနာအသင်းသည် နည်းပြသစ် ဟန်ဆီဖလစ်ခ်နှင့်အတူ ဆုဖလားအောင်ပွဲများ ပြန်လည်ရယူနိုင်ရန်အတွက် ထိပ်တန်းကစားသမားများ ခေါ်ယူအားဖြည့်ရန် ကြိုးပမ်းနေသော်လည်း အသင်း၏ဘဏ္ဍာရေးကျပ်တည်းမှုနှင့် လာလီဂါပြိုင်ပွဲ၏ လစာငွေကန့်သတ်စည်းမျဉ်းများကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ ဘာစီလိုနာ ဥက္ကဋ္ဌ လာပေါ်တာကလည်း မိမိအနေဖြင့် နီကိုဝီလီယံစ်၏အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး လက်ရှိအချိန်အထိ တစ်စုံတစ်ရာပြောဆိုနိုင်ဦးမည်မဟုတ်ကြောင်း ပြောကြားထားသည်။

Most Read

Most Recent