မြန်မာ ယူ-၁၆ အမျိုးသားအသင်း ၂၀၂၄ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲယှဉ်ပြိုင်ရန် ဇွန် ၁၉ ရက် ထွက်ခွာမည်

မြန်မာ ယူ-၁၆ အမျိုးသားအသင်း ၂၀၂၄ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲယှဉ်ပြိုင်ရန် ဇွန် ၁၉ ရက် ထွက်ခွာမည်
Photo: MFF
Photo: MFF
Published 17 June 2024

မြန်မာ ယူ-၁၆ အမျိုးသားအသင်းသည် ၂၀၂၄ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲယှဉ်ပြိုင်ရန် ဇွန် ၁၉ ရက်တွင် ရန်ကုန်မြို့မှ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

အာဆီယံ ဘောလုံးအဖွဲ့ချုပ်(AFF) သည်  ၂၀၂၄ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာကာတမြို့ရှိ ပရိသတ်(၂၀၀၀၀) ဆံ့ Manahan Stadium နှင့် Sriwedari Football Field တွင် လာမည့် ဇွန် (၂၁) ရက်မှ ဇူလိုင် (၄) ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

ပြိုင်ပွဲကို အသင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လေးသင်း သုံးအုပ်စုခွဲခြားထားကြောင်း သိရသည်။

အုပ်စုခွဲဝေမှုအရ အုပ်စု(A) တွင် အိမ်ရှင် အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ အုပ်စု(B) တွင် ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ အုပ်စု(C) တွင် ထိုင်း၊ မလေး ရှား၊ တီမောနှင့် သြစတြေးလျအသင်းတို့ ပါဝင်နေသည်။

ပြိုင်ပွဲကျင်းပမည့်ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးရပ်တည်မှုရ အသင်းသုံးသင်းနှင့် အကောင်းဆုံးအုပ်စုဒုတိယရအသင်း ပေါင်းလေးသင်းမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၁၆ အသင်းသည် အုပ်စုပွဲများအဖြစ် ဇွန်၂၂ ရက်တွင် ကမ္ဘောဒီးယားအသင်း၊ ဇွန် ၂၅ ရက်တွင် ဘရူနိုင်းအသင်း၊ ဇွန် ၂၈ ရက်တွင် ဗီယက်နမ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ ယူ-၁၆ အသင်းကို နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား မီတမီချီတာယုက ကိုင်တွယ်နေပြီး ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ပြည်တွင်းခြေစမ်းပွဲများ ကစားလျက်ရှိသည်။

မြန်မာ ယူ-၁၆အသင်း နည်းပြချုပ် မီတမီချီတာယုသည် အသင်းဖွဲ့စည်းရန် ပြီးခဲ့သည့်ဖေဖော်ဝါရီမှစ၍ အကယ်ဒမီကျောင်းများမှ ကစားသမားများ၊ ကျင်းပပြီးစီးခဲ့သည့် FIFA-MFF ယူ-၁၅ လိဂ်ပြိုင်ပွဲမှ ခြေစွမ်းပြနိုင်သူများအပါအဝင် လူငယ်ကစားသမား (၁၀၀) ကျော်ကို လူရွေးပွဲကျင်းပ၍ အဆင့်ဆင့်ရွေးချယ်ခဲ့သည်။

ထို့နောက်နည်းပြချုပ် မီတမီချီတာယုသည် ကစားသမား (၁၀၀) ကျော်ထဲမှ လူရွေးပွများပြုလုပ်ပြီး ကစားသမား (၄၀)ကျော် ရွေးချယ်ကာ လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်ခဲ့ကာ အာဆီယံ ယူ-၁၆ ပြိုင်ပွဲအတွက် ပဏာမကစားသမား (၃၁)ဦး ရွေးချယ်ခဲ့သည်။

မြန်မာ ယူ -၁၆ အသင်းသည် ခြေစမ်းပွဲများအဖြစ် ရှမ်းယူနိုက်တက် ယူ-၂၀ အသင်းကို(၁-၀) ဂိုး၊ ဟံသာဝတီယူနိုက်တက် ယူ-၂၀ အသင်းကို(၃-၀) ဂိုးတို့ ဖြင့် အနိုင်ရထားသည်။

မြန်မာ ယူ-၁၆ အသင်းသည် ပြီးခဲ့သည့် မတ်လဆန်းပိုင်းမှစ၍ တစ်ရက်လျှင် နှစ်ကြိမ်၊ တစ်ပတ်လျှင် ခြောက်ရက်နှုန်းဖြင့် လေ့ကျင့်နေခြင်းဖြစ်သည်။

ထို့ ပြင် မြန်မာ ယူ-၁၆ အသင်းသည် မြန်မာနေရှင်နယ်လိဂ်က လက်ရှိကျင်းပနေသည့် MNL ယူ-၂၀ လိဂ် အမှတ်ပေးပြိုင်ပွဲကိုလည်း Junior Lions အမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်နေလျက်ရှိသည်။

Junior Lions အသင်းသည် ယင်းပြိုင်ပွဲတွင် ရန်ကုန် ယူ-၂၀ အသင်းကို(၁-၀) ဂိုး၊ ရခိုင်ယူ-၂၀ အသင်း ကို(၄-၀)ဂိုးတို့ဖြင့် အနိုင်ရထားသည်။

 

Most Read

Most Recent