ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် အပြီးသတ်ကစားသမားစာရင်း ရွေးချယ်မှုနှင့်ပတ်သက်၍ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် ရှင်းလင်း

ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် အပြီးသတ်ကစားသမားစာရင်း ရွေးချယ်မှုနှင့်ပတ်သက်၍ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် ရှင်းလင်း
Photo: Goal
Photo: Goal
Published 8 June 2024

 

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် အပြီးသတ်ကစားသမားစာရင်း ရွေးချယ်မှုနှင့်ပတ်သက်၍ ရှင်းလင်းခဲ့ပြီး မလွှဲမရှောင်သာ ပဏာမ ၃၃ ဦးစာရင်း ထုတ်ပြန်ခဲ့ရခြင်းဖြစ်ကာ ပြန်လည်စေလွှတ်ခံရသူများအတွက် မျှတမှုရှိမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

ဇွန် ၆ ရက်တွင် အပြီးသတ်စာရင်းကို ဆောက်ဂိတ်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မန်စီးတီးအသင်း တိုက်စစ်ကစားသမား ဂရီးလစ်ရှ်၊ မန်ယူအသင်းနောက်ခံလူ မက်ဂွိုင်းရား၊ စပါးအသင်းကွင်းလယ်လူ မက်ဒီဆန် စသည့် နာမည်ကြီးကစားသမားများ ချန်လှပ်ခံခဲ့ရသည်။

ချန်လှပ်ခံရသည့် ကစားသမားများနှင့်ပတ်သက်၍ ၎င်းက "ဂျိမ်းစ် (မက်ဒီဆန်) နဲ့ ဂျက် (ဂရီးလစ်ရှ်) က ကျွန်တော်တို့ကို မတူညီတဲ့အရာတွေ ပေးစွမ်းနိုင်မှာပါ။ ဒါက သူတို့အတွက် ခက်ခဲမှာပါ။ သူတို့ကိုခေါ်ယူဖို့အတွက် နည်းပြအဖွဲ့အနေနဲ့ အကြိမ်ကြိမ် အခါခါ ဆွေးနွေးခဲ့ရပြီး တရားမျှတမှုရှိဖို့၊ မှန်ကန်တဲ့ ကျိုးကြောင်းဆီလျော်မှုကို အသုံးပြုဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့က ခြားနားတဲ့လမ်းကြောင်းကို လျှောက်သွားနိုင်မယ်ဆိုတာ ကိုယ်တိုင်အသိအမှတ်ပြုပါတယ်။ ဒီကောင်လေးတွေက ကောင်းမွန်တဲ့ စရိုက် လက္ခဏာရှိတယ်၊ ဖော်ရွေတဲ့ အသင်းဖော်တွေဖြစ်ပြီး အလုပ်တွဲလုပ်လို့ ကောင်းတဲ့သူတွေပါ။ ဒီသတင်းကို သူတို့ဆီပေးရတာ ဝမ်းနည်းစရာပါပဲ။ ထရန့် (အာနိုးလ်)က နေရာ နှစ်ခုစလုံး (ကွင်းလယ်နှင့်ခံစစ်) မှာ ကစားနိုင်ပါတယ်။ ပြီးခဲ့တဲ့ပြိုင်ပွဲနှစ်ခုမှာ ကျွန်တော်တို့အတွက် နောက်ခံလူကိုးဦးရှိခဲ့ပြီး အခုလည်း အတူတူပဲလို့ ကျွန်တော်ထင်တယ်။ အဲဒါက ဟာရီမက်ဂွိုင်းရားကို မရွေးချယ်ရတဲ့ အကြောင်းရင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါ တယ်။ ကျွန်တော်တို့ နောက်ခံလူ ၁၀ ဦးရွေးလိုက်ရင် ဟန်ချက်ညီတော့မှာမဟုတ်ဘဲ တခြားနေရာအတွက် လျော့နည်းသွားလိမ့်မယ်" ဟု ပြောကြားခဲ့သည်။

ယူရို-၂၀၂၄ ပြိုင်ပွဲ၌ ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေသည့် အင်္ဂလန်အသင်းသည် အုပ်စု (C) တွင် ကျရောက်နေပြီး အုပ်စုပွဲစဉ်များအဖြစ် ဇွန် ၁၆ ရက်တွင် ဆားဘီးယား၊ ဇွန် ၂၀ ရက်တွင် ဒိန်းမတ်၊ ဇွန် ၂၅ ရက်တွင် ဆလိုဗေးနီးယားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Most Read

Most Recent