ပင်လယ်နက်ပေါ်တွင် အမေရိကန်၏ ဒရုန်းများပျံသန်းမှုကို တုံ့ပြန်မည်ဟု ရုရှား ပြောကြား

ပင်လယ်နက်ပေါ်တွင် အမေရိကန်၏ ဒရုန်းများပျံသန်းမှုကို တုံ့ပြန်မည်ဟု ရုရှား ပြောကြား
၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာလေဆိပ်တွင် အမေရိကန်၏ MQ-9 ဒရုန်းတစ်စင်းကို တွေ့ရစဉ်(Photo: AP)
၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာလေဆိပ်တွင် အမေရိကန်၏ MQ-9 ဒရုန်းတစ်စင်းကို တွေ့ရစဉ်(Photo: AP)
Published 29 June 2024

ပင်လယ်နက်ပေါ်တွင် အမေရိကန်၏ ဒရုန်းများပျံသန်းမှုကို တုံပြန်ရန်အတွက် ပြင်ဆင်မှုများပြုလုပ်ရန် ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေဘယ်လူဆော့ဗ်က အရာရှိများကို အမိန့်ထုတ်ပြန်ခဲ့ကြောင်း ရုရှားကာကွယ် ရေးဝန်ကြီးဌာနက ဇွန် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရုရှားသည် အမေရိကန်၏ ကင်းထောက်လေယာဉ်များ ပျံသန်းမှုကို ကာကွယ်တားဆီးရန် ခိုင်မာသည့်လုပ်ရပ်ကို လုပ်ဆောင်မည်ဖြစ်ကြောင်း သတိပေးသည့်အနေဖြင့် ထိုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ယူဆခဲ့ကြသည်။

မကြာသေးမီက ပင်လယ်နက်ပေါ်တွင် အမေရိကန်၏ ဒရုန်းပျံသန်းမှုများမြင့်တက်ခဲ့ပြီး ထိုလေယာဉ်များသည် ထောက်လှမ်းရေးသတင်းအချက်အလက်များနှင့် ပစ်မှတ်နေရာများကို ရှာဖွေစုဆောင်းနေခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထိုထောက်လှမ်းရေးအချက်အလက်များဖြင့် ယူကရိန်းသည် အနောက်နိုင်ငံများက ထောက်ပံ့ပေးထားသည့် လက်နက်များကို အသုံးပြုပြီးရုရှား၏ အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်သည်ဟုလည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

“ယူကရိန်းစစ်ပွဲမှာ အမေရိကန်နဲ့ အခြားနေတိုးနိုင်ငံတွေက ယူကရိန်းဘက်က ပါဝင်နေတယ်ဆိုတာ ပြသရာရောက်နေပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုကဲ့သို့ ဒရုန်းပျံသန်းမှုများသည် ရုရှားစစ်လေယာဉ်များ ပါဝင်သည့် မတော်တဆမှုများ ဖြစ်နိုင်ခြေကို မြင့်တက်စေပြီး မဟာမိတ်များနှင့် ရုရှားအကြား တိုက်ရိုက်ထိပ်တိုက်တွေ့မည့်အန္တရာယ်ကို မြင့်တက်စေ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုအခြေအနေအတွက် နေတိုးအဖွဲ့ဝင် နိုင်ငံများက တာဝန်ယူရမည်ဖြစ်ကြောင်းလည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီး ဘယ်လူဆော့ဗ်သည် ထိုကဲ့သို့ ရန်လိုမှုများကို စစ်ဆင်ရေးဆန်ဆန် တုံ့ပြန်ရန်အတွက် အစီအစဉ်များအဆိုပြုရန် စစ်ဦးစီးချုပ်ကို ညွှန်ကြားထားသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အမေရိကန်နှင့် ရုရှားသည် ထိုအရေးကိစ္စနှင့်ပတ်သက်ပြီး ယခင်ကလည်း ထိပ်တိုက်တွေ့မှုဖြစ်ပွားခဲ့သည်။

၂၀၂၃ ခုနှ် မတ်လက ရုရှား၏ Su-27 တိုက်လေယာဉ်သည် အမေရိကန်၏ MQ-9 Reaper ဒရုန်းကို ထိခိုက်ပျက်စီးစေခဲ့ပြီး ဒရုန်းသည် ပင်လယ်နက်အတွင်းသို့ ပျက်ကျသွားခဲ့သည်။ ထိုဖြစ်စဉ်သည် စစ်အေးးကာလနောက်ပိုင်း အမေရိကန်နှင့် ရုရှားတပ်ဖွဲ့များအကြား ပထမဆုံးအကြိမ် တိုက်ရိုက်ထိပ် တိုက်တွေ့မှုဖြစ်သည်။

ထိုကဲ့သို့ ထိပ်တိုက်တွေ့မှု နောက်တစ်ကြိမ်ဖြစ်ပွားမည်ဆိုပါက ယူကရိန်းစစ်ပွဲနှင့် ပတ်သက်ပြီး တင်းမာမှုများကို ပိုမိုမြင့်တက်စေမည်ဖြစ်သည်။

၂၀၂၃ ခုနှစ် မတ်လက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် ရုရှား၏ Su-27 တိုက်လေယာဉ်နှစ်စင်းသည် ပင်လယ်နက်ပေါ်ရှိ နိုင်ငံတကာလေပိုင်နက်အတွင်း လုပ်ရိုးလုပ်စဉ်အတိုင်း ကင်းလှည့်ပျံသန်းနေသည့် MQ-9 ဒရုန်းပေါ်သို့ လောင်စာများ သွန်ချခဲ့ခြင်းဖြစ်ကြောင်း ပင်တဂွန်နှင့် အမေရိကန်၏ ဥရောပစစ်ဌာနချုပ်က ပြောကြားခဲ့သည်။

ရုရှားကမူ အမေရိကန်ဒရုန်းသည် ရုရှား၏နယ်စပ်ဒေသအနီးသို့ ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။           Ref: AP

Most Read

Most Recent