အုပ်စု (C)တွင် ပထမနေရာရရှိခဲ့သော်လည်း အင်္ဂလန်အသင်းကို ပရိသတ်များ လှောင်ပြောင်ခဲ့ပြီး ဆောက်ဂိတ်ကို ခွက်များဖြင့် ပစ်ပေါက်

အုပ်စု (C)တွင် ပထမနေရာရရှိခဲ့သော်လည်း အင်္ဂလန်အသင်းကို ပရိသတ်များ လှောင်ပြောင်ခဲ့ပြီး ဆောက်ဂိတ်ကို ခွက်များဖြင့် ပစ်ပေါက်
Photo : Getty Images
Photo : Getty Images
Published 27 June 2024

နာမည်ကျော် အင်္ဂလန်အသင်းသည် အုပ်စု (C)တွင် အုပ်စုပထမနေရာရရှိခဲ့သော်လည်း အသင်းပရိသတ်များသည် အသင်းကို လှောင်ပြောင်ခဲ့ကြသလို၊ အသင်း နည်းပြ ဆောက်ဂိတ်ကိုလည်း ဘီယာခွက်များဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း သိရှိရသည်။

အင်္ဂလန်အသင်းသည် ယူရို ၂၀၂၄ ပြိုင်ပွဲမစတင်မီ ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်ခဲ့သော်လည်း ဒိန်းမတ်၊ ဆလိုဗေးနီးယား၊ ဆားဘီးယားတို့ ပါဝင်သည့် အုပ်စု (C)တွင် (၁)ပွဲနိုင်၊ (၂)ပွဲသရေ၊ ရမှတ် (၅)မှတ်သာ ရရှိခဲ့သည်။ အင်္ဂလန်အသင်းအနေဖြင့် အုပ်စု (C)တွင် အုပ်စုပထမနေရာ ရရှိခဲ့သော်လည်း ယူရို ၂၀၂၄ အုပ်စုပွဲစဉ်များတွင် အသင်း၏စွမ်းဆောင်မှုနှင့်ပတ်သက်ပြီး ဝေဖန်မှုများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ အင်္ဂလန်အသင်းသည် ဇွန် (၂၅)ရက်က ကစားခဲ့သည့် အုပ်စု (C) နောက်ဆုံးပွဲစဉ်တွင် ဆလိုဗေးနီးယားအသင်းကို ဂိုးမရှိသရေသာ ကစားနိုင်ခဲ့သည်။

အဆိုပါပွဲစဉ်အပြီးတွင် အုပ်စုပထမနေရာဖြင့် ရှုံးထွက် (၁၆) သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် အင်္ဂလန်အသင်းကစားသမားများနှင့် နည်းပြဆောက်ဂိတ်တို့သည် ကွင်းအတွင်းလာရောက်အားပေးခဲ့သည့် အသင်းပရိသတ်များကို သွားရောက်နှုတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ နှုတ်ဆက်ရာတွင် အင်္ဂလန်ပရိသတ်များသည် စွမ်းဆောင်ရည်မကောင်းသည့် အသင်းကို လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ကြသလို၊ နည်းပြ ဆောက်ဂိတ်ကိုလည်း ပလတ်စတစ်ဘီယာခွက်များဖြင့် ပစ်ပေါက်ခဲ့ကြခြင်း ဖြစ်သည်။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကမူ ၎င်းကိုဘီယာ ခွက်များဖြင့် ပစ်ပေါက်ခဲ့သည့် အင်္ဂလန်ပရိသတ်များ၏ ခံစားချက်ကို နားလည်ကြောင်းနှင့် ၎င်းတို့၏အပြုအမူမှာ အသင်းအတွက် အကျိုးမရှိကြောင်း ပြောကြားခဲ့သည်။

ဆောက်ဂိတ်က "ပရိသတ်တွေ ခွက်နဲ့ပစ်ပေါက်တာကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒီပစ်ပေါက်မှုတွေကနေ ရှောင်ပြေးမှာ မဟုတ်ပါဘူး။ အရေးအကြီးဆုံးက ကျွန်တော်တို့အသင်းအတွင်း စုစည်းမှုရှိဖို့ပါပဲ။ ကျွန်တော့်ကို ဝေဖန်ပြောဆိုနေတာတွေနဲ့ပတ်သက်လို့ ကျွန်တော် နားလည်ပါတယ်။ အသင်းကို ဝေဖန်တာထက် ကျွန်တော့်ကို ဝေဖန်တာက အသင်းအတွက် ပိုကောင်းပါတယ်။ ဒါပေမဲ့ အသင်းပရိသတ်တွေရဲ့လုပ်ရပ်က အသင်းအတွက် အကျိုးမရှိပါဘူး။ နောက်အဆင့်ကိုတက်တဲ့ အသင်းတွေအနေနဲ့ အခုလိုဆက်ဆံရတာမျိုး ကျွန်တော် တစ်ခါမှ မမြင်ဖူးပါဘူး"ဟု ပြောကြားခဲ့သည်။

အင်္ဂလန်အသင်းသည် အုပ်စု (C) တွင် အုပ်စုပထမ နေရာရရှိခဲ့ခြင်းကြောင့် စပိန်၊ ဂျာမနီ၊ ပေါ်တူဂီ၊ ပြင်သစ်စသည့် ထိပ်တန်းအသင်းကြီးများကို ဗိုလ်လုပွဲအထိ ရှောင်လွဲှနိုင်ခဲ့သည်။ ထို့ကြောင့် အင်္ဂလန်အသင်းသည် ခြေစွမ်းမပြနိုင်သေးသော်လည်း ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေဆဲဖြစ်သည်။

Most Read

Most Recent