အိုလီဆေးအား လက်လွှတ်ခဲ့ရပြီးနောက် ဘီလ်ဘာအိုအသင်းမှ စပိန်တောင်ပံကစားသမား နီကိုဝီလီယံစ်အား ချယ်လ်ဆီးအသင်း ပစ်မှတ်ထားနေ

အိုလီဆေးအား လက်လွှတ်ခဲ့ရပြီးနောက် ဘီလ်ဘာအိုအသင်းမှ စပိန်တောင်ပံကစားသမား နီကိုဝီလီယံစ်အား ချယ်လ်ဆီးအသင်း ပစ်မှတ်ထားနေ
Photo: Fabrizio
Photo: Fabrizio
Published 24 June 2024

ချယ်လ်ဆီးအသင်းသည် ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်း၏ပစ်မှတ်ကစားသမားတစ်ဦးဖြစ်သည့် ပြင်သစ်တောင်ပံကစားသမား အိုလီဆေးအား ဘိုင်ယန်မြူးနစ်အသင်းထံ လက်လွှတ်ခဲ့ရပြီးနောက် နောက်ထပ်ပစ်မှတ်အဖြစ် စပိန်ကလပ်ဘီလ်ဘာအိုအသင်းမှ စပိန်လူငယ်တောင်ပံကစားသမား နီကိုဝီလီယံစ်အား ပစ်မှတ်ထားနေကြောင်း စပိန်အားကစားသတင်းစာ Football Espana က ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းသည် အစောပိုင်းက အသင်း၏ တိုက်စစ်ပိုင်းကို အားဖြည့်ရန်အတွက် ခရစ္စတယ်ပဲလေ့စ်အသင်းမှ ပြင်သစ်တောင်ပံကစားသမား အိုလီဆေး (၂၂ နှစ်)အားခေါ်ယူရန် ပစ်မှတ်ထားခဲ့သော်လည်း ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းက လက်ဦးမှုရယူနိုင်ခဲ့သောကြောင့် နီကိုဝီလီယံစ်အား ပြောင်းလဲပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ပြီးခဲ့သည့် ဇွန် (၂၂)ရက်နေ့က ခရစ္စတယ်ပဲလေ့စ်တောင်ပံကစားသမား အိုလီဆေးအား ပေါင် (၄၅)သန်း+Add-ons ကြေး ပေါင် (၅) သန်းဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီး ကစားသမားအနေဖြင့် ချန်ပီယံလိဂ်ပွဲကစားခွင့်ရရန်အတွက် ဘိုင်ယန်မြူးနစ်အသင်းအား ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း Fabrizio Romano က ဖော်ပြခဲ့သည်။

ထို့ကြောင့် ချယ်လ်ဆီးအသင်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် စပိန်လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြနေသည့် ဘီလ်ဘာအိုတောင်ပံကစားသမား နီကိုဝီလီယံစ်အား ပစ်မှတ်ထားနေခြင်းဖြစ်ပြီး စာချုပ်လျော်ကြေး ယူရို (၅၈) သန်း+ Add-ons ကြေးပေးချေသွားရန် အသင့်ရှိနေကြောင်း သိရသည်။

အသက် (၂၁)နှစ်အရွယ်သာရှိသေးသည့် ဘီလ်ဘာအိုအသင်းအကယ်ဒမီထွက်ကစားသမား နီကိုဝီလီယံစ်သည် ဘီလ်ဘာအိုအသင်းအတွက် (၃)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၂၀)ပွဲကစားရာတွင် (၂၀)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး၊ ဥရောပထိပ်တန်းကလပ်အသင်းများစွာ၏ ပစ်မှတ်ထားခြင်းကိုခံနေရသူဖြစ်သည်။

ဝီလီယံစ်သည် ပြီးခဲ့သည့် ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်မီက ဘီလ်ဘာအိုအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိမည့် စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး ယင်းနောက်ပိုင်းတွင် အပြောင်းအရွှေ့သတင်းများ ပိုမိုကျယ်ပြန့်လာခဲ့ခြင်းဖြစ်သည်။

စာချုပ်သစ်ပါစည်းမျဉ်းအရ နီကိုဝီလီယံစ်အား ခေါ်ယူလိုသောအသင်းများအနေဖြင့် စာချုပ်လျော်ကြေး ယူရို (၅၉)သန်းပေးချေကာ ခေါ်ယူနိုင်မည်ပြီး လက်ရှိအချိန်တွင် ဘီလ်ဘာအိုအသင်းအနေဖြင့် ၎င်းတို့၏ အဓိက ကစားသမားအား ရောင်းချရန် ဆန္ဒမရှိကြောင်း သိရသည်။

နီကိုဝီလီယံစ်က ''ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်းက အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ကျွန်တော်ဟာ ဘီလ်ဘာအိုအသင်းမှာ အလွန်ပျော်ရွှင်သလို၊ ဒီအသင်းမှာရှိနေရတာကို အလွန်ကျေနပ်ပါတယ်'' ဟု La1 ၏မေးမြန်းမှုကိုဖြေကြားခဲ့သည်။

သို့သော် ချယ်လ်ဆီးအသင်းသည် နီကိုဝီလီယံစ်အား ခေါ်ယူနိုင်ရေးကို လက်လျှော့သွားမည်ဟုတ်ဘဲ ပြောင်းရွှေ့ကြေးနှင့် လစာငွေမြင့်မားမှုကသာ အကြီးမားဆုံးအဟန့်အတားတစ်ခုအဖြစ်ရှိနေကြောင်း စပိန်အားကစားသတင်းစာ Football Espana က ဖော်ပြခဲ့သည်။

 

Most Read

Most Recent