FA ဖလား ဗိုလ်လုပွဲတွင် မည်သည့်ရလဒ်ထွက်သည်ဖြစ်စေ မန်ယူအသင်း နည်းပြရာထူးမှ တန်ဟက်ဂ် ထုတ်ပယ်ခံရလိမ့်မည်ဟု ရီယိုဖာဒီနန် သုံးသပ်

FA ဖလား ဗိုလ်လုပွဲတွင် မည်သည့်ရလဒ်ထွက်သည်ဖြစ်စေ မန်ယူအသင်း နည်းပြရာထူးမှ တန်ဟက်ဂ် ထုတ်ပယ်ခံရလိမ့်မည်ဟု ရီယိုဖာဒီနန် သုံးသပ်
Photo : Metro
Photo : Metro
Published 23 May 2024

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူဂန္ထဝင် ရီယိုဖာဒီနန်က မန်ယူအသင်းနည်းပြ တန်ဟက်ဂ်အနေဖြင့် မန်စီးတီးအသင်းနှင့်ကစားမည့် FA ဖလား ဗိုလ်လုပွဲတွင် မည်သည့်ရလဒ်ထွက်သည်ဖြစ်စေ ယခုနွေရာသီတွင် ရာထူးမှထုတ်ပယ်ခံရလိမ့်မည်ဟု သုံးသပ်ပြောကြားခဲ့သည်။

မန်ယူအသင်းသည် မေလ (၁၉) ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်တွင် ဘရိုက်တန်အသင်းကို (၂-ဝ) ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း အဆင့် (၈)သာ ရရှိခဲ့ပြီး ပရီးမီးယားလိဂ်ဟု အမည်ပြောင်းလဲပြီးနောက် ပြိုင်ပွဲသမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရပ်တည်မှုဖြစ်ခဲ့သည်။

မန်ယူအသင်းအနေဖြင့် မေလ (၂၅)ရက်(စနေနေ့)တွင် ကစားမည့် FA ဖလားဗိုလ်လုပွဲ၌ မန်ချက်စတာမြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို အနိုင်မရပါက လာမည့်ရာသီ ဥရောပပြိုင်ပွဲဝင်ခွင့်နှင့်လွဲချော်မည်ဖြစ်သည်။ သို့သော် FA ဖလားဗိုလ်လုပွဲတွင် မည်သည့်ရလဒ်ထွက်သည်ဖြစ်စေ မန်ယူနည်းပြ တန်ဟက်ဂ်အနေဖြင့် ရာထူးမှ ထုတ်ပယ်ခံရလိမ့်မည်ဟု အသင်းနောက်ခံလူဟောင်း ဖာဒီနန်က ယုံကြည်နေခြင်းဖြစ်သည်။

ဖာဒီနန်က "FA ဖလားဗိုလ်လုပွဲမှာ နိုင်နိုင်၊ ရှုံးရှုံး လာမယ့်ရာသီ မန်ယူအသင်းမှာ တန်ဟက်ဂ်ရှိတော့မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် လိုချင်တာကို ပြောနေတာ မဟုတ်ပါဘူး။ ဘာတွေဖြစ်လာမယ်ဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော် ယုံကြည်တာကို ကျွန်တော် ပြောနေတာပါ။ အသင်းက နည်းပြသစ်ရှာနေပြီလို့ ကျွန်တော် ယုံကြည်ပါတယ်။ FA ဖလား ဗိုလ်လုပွဲမှာ နိုင်ခဲ့မယ်ဆိုရင်တောင် INEOS က စိတ်ပြောင်းမှာ မဟုတ်တော့ပါဘူး။ ဒီစကားကို INEOS နဲ့ အဆက်အသွယ်ရှိလို့ ကျွန်တော်ပြောတာမျိုး မဟုတ်ပါဘူး။ ဒါက ကျွန်တော့်ရဲ့ ထင်မြင်ယူဆချက်သာ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။

မန်ယူနည်းပြ တန်ဟက်ဂ်က ယခုရာသီတွင် အသင်းရလဒ်များ ဆိုးရွားခြင်းမှာ ဒဏ်ရာပြဿနာများကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း ဖာဒီနန်က ယင်းအချက်ကို ဆင်ခြေပေး၍ မရကြောင်းလည်း ပြောကြားခဲ့သည်။ ထို့ပြင် ဖာဒီနန်က တန်ဟက်ဂ်၏ မန်ယူ အသင်းမှာ ကိုယ်ပိုင်ကစားကွက်ပင် မရှိကြောင်းလည်း ဝေဖန်ပြောကြားခဲ့သည်။ 

Most Read

Most Recent