mpox ကာကွယ်ဆေးအလုံးရေ တစ်သန်းနီးပါးရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း အာဖရိကသမဂ္ဂ ကျန်းမာရေးအေဂျင်စီ ပြောကြား

mpox ကာကွယ်ဆေးအလုံးရေ တစ်သန်းနီးပါးရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း အာဖရိကသမဂ္ဂ ကျန်းမာရေးအေဂျင်စီ ပြောကြား
သြဂုတ် ၂၄ ရက်က ဒီအာရ်ကွန်ဂိုနိုင်ငံ ကာဗူမူဆေးရုံတွင် mpox ရောဂါကူးစက်ခံထားရသည့် လူနာတစ်ဦး၏ လက်ကို တွေ့ရစဉ်(Photo:AFP)
သြဂုတ် ၂၄ ရက်က ဒီအာရ်ကွန်ဂိုနိုင်ငံ ကာဗူမူဆေးရုံတွင် mpox ရောဂါကူးစက်ခံထားရသည့် လူနာတစ်ဦး၏ လက်ကို တွေ့ရစဉ်(Photo:AFP)
Published 2 September 2024

mpox ဗိုင်းရပ်စ်ကာကွယ်ရေး အလုံးရေတစ်သန်းနီးပါးရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း အာဖရိကသမဂ္ဂ၏ ကျန်းမာရေးအေဂျင်စီက သြဂုတ် ၂၈ ရက်တွင် ပြောကြားခဲ့ပြီး  mpox ရောဂါကို တိုက်ဖျက်ရန် ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီများအနေဖြင့် နည်းပညာများ မျှဝေပေးရန် တိုက်တွန်းခဲ့သည်။

အာဖရိကတိုက်သည် mpox ရောဂါကို တိုက်ဖျက်သည့် ရှေ့တန်းနေရာတွင်ရှိနေပြီး ယခုလအစောပိုင်းက ဗိုင်းရပ်စ်ပျံ့နှံ့မှု နှင့်ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုင်ငံတကာအရေးပေါ်အခြေ အနေကြေညာခဲ့သည်။

“mpox ကာကွယ်ရေးအလုံးရေ တစ်သန်းနီးပါးရရှိဖို့ ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်နေပါတယ်”ဟု အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးစင်တာ (Africa CDC) ၏ညွှန်ကြားရေးမှူးချုပ် ဂျင်း ကာဆီယာက ကွန်ဂိုနိုင်ငံတွင် ပြုလုပ်သည့် WHO  ဒေသတွင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

စပိန်တစ်နိုင်ငံတည်းကပင် အာဖရိကကို mpox ကာကွယ်ဆေးအလုံးရေ ၅၀၀၀၀၀ ထောက်ပံ့မည်ဟု ကတိပြုခဲ့မှုနှင့်အတူ နိုင်ငံအချို့သည် အာဖရိကနိုင်ငံများကို ကာကွယ်ဆေးများ ထောက်ပံ့ပေးမည်ဟု ကတိပြုခဲ့ သည်။

mpox ကာကွယ်ဆေး အလုံးရေ ၂၁၅၀၀၀ ကို ဒိန်းမတ်နိုုင်ငံ၏ Bavarian Nordic ကုမ္ပဏီထံမှ လက်ခံရရှိခဲ့ပြီးဖြစ်သော်လည်း ကာကွယ်ဆေးထုတ်လုပ်သည့် နည်းပညာကိုပါ မျှဝေရန် ကာဆီယာက ပြော ကြားခဲ့သည်။

“အာဖရိက ကာကွယ်ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို mpox ကာကွယ်ဆေးထုတ်လုပ်တဲ့ နည်းပညာ လွှဲပြောင်းပေးဖို့ ကျွန်တော်တို့က Bavarian Nordic ကုမ္ပဏီကို ပြောခဲ့ပါတယ်။ mpox ကာကွယ်ဆေးတွေကို အာဖရိကမှာ မကြာမီအချိန်အတွင်း ထုတ်လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်”ဟု ကာဆီယာက ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂနှင့် အမေရိကန်ကဲ့သို့ အနောက်ပိုင်းမိတ်ဖက်များက mpox ကာကွယ်ရေးအလုံးရေ ၃၈၀,၀၀၀ ခန့်ပေးမည်ဟု ကတိပြုထားကြောင်း ၎င်းကဆိုသည်။

ယင်းသည် ကမ္ဘာ့ကျန်းမာရေးအရေးပေါ် အခြေအနေဗဟိုချက်ဖြစ်သည့် ကွန်ဂိုတွင် mpox ကူးစက်မှု အဆုံးသတ်ရန် လိုအပ်သည့် ကာကွယ်ဆေးအရေအတွက်၏ ၁၅ ရာခိုင်နှုန်းအောက်သာရှိသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် အာဖရိကအပြင်ဘက်သို့ mpox ရောဂါကူးစက်ဖြစ်ပွားပြီးနောက် ချမ်းသာသောနိုင်ငံများသည် ၎င်းတို့၏ သိုလှောင်မှုများမှ ကာကွယ်ဆေးများနှင့် ကုသမှုများဖြင့် ချက်ချင်းတုံ့ပြန် ဆောင်ရွက်ခဲ့သည်။ သို့သော် အာဖရိကအစိုးရများထံမှ တောင်းဆိုမှုများရှိသော်လည်း အာဖရိကသို့ကာကွယ် ဆေးအလုံးရေ အနည်းငယ်သာ ရောက်ရှိခဲ့သည်။

 အစောပိုင်းက ကွန်ဂိုတွင် mpox ရောဂါကူးစက်မှု အသစ်များအတွက် ကူညီရန်ကတိပြုထားသည့် ကာကွယ်ဆေး ပထမဆုံးအသုတ်သည် စာရွက်စာတမ်းကိစ္စရပ်များနှင့် အရေးပေါ်ခွင့်ပြုချက် ပြဿနာများကြောင့် နှောင့်နှေးကြန့်ကြာခဲ့ပြီးနောက် စက်တင်ဘာ ၁ ရက်တွင် ရောက်ရှိလာခဲ့သည်ဟု ကာဆီရာက ဆိုသည်။

ယခုအသုတ်တွင် အမေရိကန်က ကတိပြုထားသော ကာကွယ်ဆေး အလုံးရေ ၅၀,၀၀၀ နှင့် ကာကွယ်ဆေးမဟာမိတ် GAVI မှ ကာကွယ်ဆေးအလုံးရေ ၁၅,၀၀၀ ပါဝင်လိမ့်မည်ဟု အာဖရိက CDC ၏ mpox ရေးရာမန်နေဂျာ ဒေါက်တာဂါရှီဂွန်ဂိုက ပြောကြားခဲ့သည်။

Ref:AFP/AP

         

Most Read

Most Recent