ဘင်္ဂလားဒေ့ရှ်အစိုးရက ကျောင်းသားများ၏ တောင်းဆိုချက်များကို လျစ်လျူရှုခဲ့ပြီးနောက် ဆန္ဒပြပွဲများ တစ်ကျော့ပြန်ဖြစ်ပွား

ဘင်္ဂလားဒေ့ရှ်အစိုးရက ကျောင်းသားများ၏ တောင်းဆိုချက်များကို လျစ်လျူရှုခဲ့ပြီးနောက် ဆန္ဒပြပွဲများ တစ်ကျော့ပြန်ဖြစ်ပွား
Published 30 July 2024

ဇူလိုင် ၂၈ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲတစ်ခုကို တွေ့ရစဉ်(Photo: AFP)

ဆန္ဒပြ ကျောင်းသားခေါင်းဆောင်များကို ပြန်လွှတ်ပေးရန်နှင့် အဓိကရုဏ်းဖြစ်ပွားမှုများအတွင်း သေဆုံးခဲ့သူများအတွက် ပြန်တောင်းပန်ရန် ဘင်္ဂလားဒေ့ရှ်ကျောင်းသားများ၏ ရာဇသံပေးမှုကို ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက လျစ်လျူရှုခဲ့ပြီးနောက် ဇူလိုင် ၂၉ ရက်တွင် ကျောင်းသားများက လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပြန်လည်ပြုလုပ်ခဲ့သည်။

အစိုးရအလုပ်အကိုင် ခွဲတမ်းသတ်မှတ်ချက်အပေါ် ကျောင်းသားများဦးဆောင်၍ အဓိကရုဏ်းဆန္ဒပြမှုများ ရက်အတန်ကြာဖြစ်ပွားမှုကြောင့် ရဲတပ်ဖွဲ့ဝင်များအပါအဝင် အနည်းဆုံး လူ ၂၀၅ ဦး သေဆုံးခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြသည်။

အဆိုပါ အဓိကရုဏ်းအခြေအနေများသည် ဝန်ကြီးချုပ်ဟာဆီနာ၏ ၁၅ နှစ်ကြာ ရာထူးသက်တမ်းအတွင်း အဆိုးရွားဆုံး အခြေအနေတစ်ရပ် ဖြစ်ခဲ့သော်လည်း အစိုးရကစစ်တပ်ကိုဖြန့်ကြက်ခြင်း၊ ကာဖျူးထုတ်ပြန် ခြင်းနှင့်နိုင်ငံတစ်ဝန်း အင်တာနက်လိုင်းများ ပိတ်ထားခြင်းတို့ဖြင့် အခြေအနေကို သိသိသာသာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

အစောပိုင်းတွင် ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများကို စီစဉ်ခဲ့သည့် ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး ကျောင်းသားများအဖွဲ့၏ ခေါင်းဆောင် ခြောက်ဦးထက်မနည်းသည် ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရသည်။

“အစိုးရက ကျွန်တော်တို့ရဲ့သွားလာလှုပ်ရှားမှုနဲ့ပတ်သက်ပြီး လုံးဝစာနာထောက်ထားမှုမရှိတာကို ပြသနေဆဲဖြစ်တယ်”ဟု အဆိုပါကျောင်းသားအဖွဲ့၏ ညှိနှိုင်းရေးမှူး အဗ္ဗဒူကာဒါက ကြေညာချက်ထုတ်ပြန်ခဲ့ သည်။

“ကျွန်တော်တို့ရဲ့ တောင်းဆိုမှုတွေကို ထောက်ခံကြောင်းပြသဖို့နဲ့ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုမှာပူးပေါင်းပါဝင်ဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအားလုံးကို မေတ္တာရပ်ခံပါတယ်” ဟု ၎င်းက ထပ်မံပြောကြားသည်။

ဇူလိုင် ၂၉ ရက်က မြို့တော်ဒါကာနှင့် အခြားနေရာများတွင် ဆန္ဒပြပွဲများဖြစ်ပွားခဲ့သော်လည်း အစောပိုင်းတွင် မြင်တွေ့ခဲ့ရသည့် ဆန္ဒပြပွဲများနှင့်နှိုင်းယှဉ်ပါက အလွန်အားနည်းနေသည်ဟု သိရသည်။

ဒါကာမြို့ဆင်ခြေဖုံးတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲတစ်ခုတွင် ရဲတပ်ဖွဲ့ကနံပါတ်တုတ်များဖြင့် ရိုက်နှက်ကာ လူစုခွဲခဲ့ပြီး လူ ၂၀ ဦး ထက်မနည်းကို ဖမ်းဆီးခဲ့သည်ဟု ဒေသတွင်းသတင်းစာတစ်စောင်က ဖော်ပြသည်။

လူဦးရေသန်း ၂၀ ရှိသော ဒါကာမြို့ကြီး၏ အခြားနေရာများတွင်လည်း ဆန္ဒပြပွဲများကို တားဆီးရန် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ထားသည်။

ဇူလိုင် ၂၈ ရက် နောက်ဆုံးထား၍ ကျောင်းသားခေါင်းဆောင်များကို ပြန်မလွှတ်ပါက တစ်ပတ်ကြာ ရပ်နားထားသည့် ဆန္ဒပြပွဲများကို ပြန်လည်စတင်မည်ဟု ကျောင်းသားခေါင်းဆောင်များက အခိုင်အမာပြောဆိုထားသည်။

အင်အားသုံး ဖြိုခွင်းမှုများအတွက် ဝန်ကြီးချုပ် ဟာဆီနာအနေဖြင့် လူသိရှင်ကြားပြန်တောင်းရန်၊ အစိုးရဝန်ကြီးအချို့အားရာထူးမှဖယ်ရှားရန်၊ ဆန္ဒပြမှုများအပြင်းထန်ဆုံး ဖြစ်ပွားခဲ့စဉ်က ပိတ်ထားခဲ့သည့် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများနှင့် တက္ကသိုလ်များကို ပြန်ဖွင့်ပေးရန်လည်း ဆန္ဒပြကျောင်းသားများက တောင်းဆိုထားသည်။ ဆူပူမှုများ စတင်ဖြစ်ပွားပြီးနောက်ပိုင်း လူ ၉,၀၀၀ ထက် မနည်း ဖမ်းဆီးခံခဲ့ရသည်။

ဥရောပသမဂ္ဂ၏ နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ ဂျိုးဆက်ဘော်ရယ်လ်က ဘင်္ဂလားဒေ့ရှ်တွင် ဆန္ဒပြသူများအပေါ်အင်အား အလွန်အကျွံအသုံးပြု၍ကိုင်တွယ်ခဲ့ခြင်းကို ဇူလိုင် ၃၀ ရက်က ပြစ်တင်ရှုတ်ချခဲ့သည်။ ဥပဒေစိုးမိုးရေး အာဏာပိုင်များက ထိုအခြေအနေနှင့်ပတ်သက်၍ အပြည့်အဝတာဝန်ခံ ရမည်ဟုလည်း ၎င်းကဆိုသည်။

Ref: AFP       

Most Read

Most Recent