တရုတ်သည် ရုရှားကိုဆက်လက်ထောက်ခံနေပြီး ယူကရိန်းစစ်ပွဲကို အခြေအနေပိုဆိုးအောင်လုပ်နေသည်ဟု နေတိုးအတွင်းရေးမှူးချုပ် ဂျန်စတိုလ်တင်ဘတ် ပြောကြား 

တရုတ်သည် ရုရှားကိုဆက်လက်ထောက်ခံနေပြီး ယူကရိန်းစစ်ပွဲကို အခြေအနေပိုဆိုးအောင်လုပ်နေသည်ဟု နေတိုးအတွင်းရေးမှူးချုပ် ဂျန်စတိုလ်တင်ဘတ် ပြောကြား 
အိမ်ဖြူတော်ရှိ ဘဲဥပုံခန်းမတွင် စတိုလ်တင်ဘတ်နှင့်သမ္မတဂျိုးဘိုင်ဒင်တို့တွေ့ဆုံနေပုံကို ဇွန် ၁၇ ရက်တွင် တွေ့ရစဉ်(Photo:AFP)
အိမ်ဖြူတော်ရှိ ဘဲဥပုံခန်းမတွင် စတိုလ်တင်ဘတ်နှင့်သမ္မတဂျိုးဘိုင်ဒင်တို့တွေ့ဆုံနေပုံကို ဇွန် ၁၇ ရက်တွင် တွေ့ရစဉ်(Photo:AFP)
Published 19 June 2024

တရုတ်သည် ရုရှားကို ဆက်လက် ထောက်ခံနေမည်ဆိုပါက အကျိုးဆက်များ ကိုရင်ဆိုင်ရမည်ဟု နေတိုးအတွင်းရေးမှူးချုပ် ဂျန်စတိုလ်တင်ဘတ်က ဇွန် ၁၇ ရက်တွင် ပြောကြားလိုက်ပြီး တရုတ်သည် အနောက် အုပ်စုနှင့်ပိုမိုကောင်းမွန်သော ဆက်ဆံရေးများ ရှိလာအောင်ကြိုးပမ်းနေခိုက် ယူကရိန်းစစ်ပွဲကို ပိုမိုဆိုးရွားအောင်လုပ်နေသည်ဟု စွပ်စွဲပြောကြားခဲ့သည်။

“ပေကျင်းဟာ နည်းလမ်းနှစ်သွယ်နဲ့ သွားလို့မရနိုင်ပါဘူး။ တစ်ချိန်ချိန်မှာ တရုတ်ဟာ လမ်းကြောင်းမပြောင်းရင် မဟာမိတ်တွေက ပိတ်ဆို့တာတွေလုပ်ဖို့ လိုအပ်ပါတယ်။အကျိုးဆက်တွေ ရှိလာပါမယ်”ဟု ၎င်းက ပြောကြား ခဲ့သည်။  

နေတိုးမဟာမိတ်အဖွဲ့၏အဖွဲ့ဝင် ၃၂ နိုင်ငံထဲက ၂၃ နိုင်ငံသည် အမေရိကန်က တောင်းဆိုနေသည်မှာ ကြာပြီဖြစ်သော ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ၏အနည်းဆုံး နှစ်ရာခိုင်နှုန်းသုံးစွဲမှုပြည့်မီတော့ မည့်လမ်းကြောင်းပေါ်တွင် ရှိနေပြီဟု ဇွန် ၁၇ ရက်တွင် နေတိုးအတွင်းရေးမှူးချုပ် ဂျန်စတိုလ်တင်ဘတ်က ပြောကြားခဲ့သည်။

“မဟာမိတ်အဖွဲ့ဝင် ၂၃ နိုင်ငံဟာ ဒီနှစ်မှာကာကွယ်ရေး အသုံးစရိတ်ကို ဂျီဒီပီရဲ့ နှစ်ရာခိုင်နှုန်း ဒါမှမဟုတ် အဲဒီထက်ပိုသုံးစွဲနေကြပါတယ်”ဟု အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် စတိုလ်တင်ဘတ်က သမ္မတဂျိုးဘိုင်ဒင်ကို ပြောကြားခဲ့သည်။

“နေတိုးမဟာမိတ်တွေဟာ ဒီနှစ်မှာ ကာကွယ်ရေးအသုံးစရိတ်တွေကို ၁၈ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲ နေကြပါတယ်။ ဒါဟာဆယ်စုနှစ်များစွာအတွင်း အများဆုံး တိုးမြှင့်မှုဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲတွင် ဘိုင်ဒင်၏ပြိုင်ဘက်ဖြစ်လာသည့် ဒေါ်နယ်ထရန့်က ကာကွယ်ရေးအသုံးစရိတ်မျှ မျှတတထည့်ဝင်ခြင်းမရှိသော နေတိုးအဖွဲ့ဝင်များကို ဒေါသတကြီး ပြောဆိုခဲ့သည်မှာ ကြာပြီဖြစ်သည်။ ငွေကြေးသုံးစွဲခြင်းမရှိသော နေတိုးအဖွဲ့ဝင်များကို တိုက်ခိုက်ရန် ရုရှားကို တိုက်တွန်းသွားမည်ဟုပင် မကြာသေးမီက ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။

နေတိုးမဟာမိတ်နိုင်ငံများသည် ၂၀၁၄   ညီလာခံတွင် ကာကွယ်ရေးအသုံးစရိတ် တိုးသုံးမည်ဟု ကတိပြုခဲ့သော်လည်း ထိုအထဲက အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ အိမ်နီးချင်း တူရကီနှင့် ကာလရှည်တင်းမာမှုများဖြစ်နေသော ဂရိတို့သည်သာ ရည်မှန်းချက်ပြည့်မီခဲ့ကြသည်။

နေတိုးအဖွဲ့ဝင်နိုင်ငံ ၂၀ ဝန်းကျင်သည် အဆိုပါရည်မှန်းချက်ကို ပြည့်မီသည်ဟု စတိုလ်တင်ဘတ်က နောက်ဆုံး ပြောကြားထားသည်။ ကာကွယ်ရေးအသုံးစရိတ်ပိုမိုသုံးစွဲရန် တစ်ချိန်တုန်းက ချီတုံချတုံဖြစ်နေခဲ့သော ဂျာမနီလို နိုင်ငံများသည် ယူကရိန်းကို ရုရှားကျူးကျော်ခဲ့ပြီးနောက် ကာကွယ်ရေး အသုံးစရိတ်ကို ပိုမိုသုံးစွဲလာသည်။

ဗြိတိန်ဝန်ကြီးချုပ်ရီရှီဆူနက်သည် ပိုလန်မြို့တော် ၀ါဆောကို ရောက်ရှိနေသည့် ခရီးစဉ်အတွင်း ဗြိတိန်၏ကိုယ်ပိုင်ကာကွယ်ရေး အသုံးစရိတ်ကိုတိုးမြှင့်သွားမည်ဟု ဧပြီလထဲတွင် ပြောကြားခဲ့သည်။ ဗြိတိန်သည် ၂၀၃၀ ပြည့်နှစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ၏ ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ ရောက်အောင်တိုးမြှင့်သွားမည်ဟု ဆိုသည်။

နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုများကြောင့် ကာကွယ်ရေးအသုံးစရိတ်များ ပိုမိုသုံးစွဲရန် ဖိအားများ ရင်ဆိုင်နေရသည်။                  

Ref:AFP

 

Most Read

Most Recent