ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားနိုင်သည်ဟု တရုတ် သတိပေး၊ စည်းကြပ်ခွန်ကိစ္စရပ်နှင့် ပတ်သက်၍ ဆွေးနွေးရန် ဂျာမနီစီးပွားရေးဝန်ကြီး တရုတ်သို့ရောက်ရှိ

ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားနိုင်သည်ဟု တရုတ် သတိပေး၊ စည်းကြပ်ခွန်ကိစ္စရပ်နှင့် ပတ်သက်၍ ဆွေးနွေးရန် ဂျာမနီစီးပွားရေးဝန်ကြီး တရုတ်သို့ရောက်ရှိ
ဥရောပသမဂ္ဂအလံနှင့် တရုတ်အလံတို့ကို တွေ့ရစဉ်(Photo: Reuters)
ဥရောပသမဂ္ဂအလံနှင့် တရုတ်အလံတို့ကို တွေ့ရစဉ်(Photo: Reuters)
Published 22 June 2024

လျှပ်စစ်ကားတင်ပို့မှုနှင့် ပတ်သက်၍ ဥရောပသမဂ္ဂ(အီးယူ)နှင့် ပဋိပက္ခဖြစ်ပွားမှု အရှိန်မြင့်တက်လာခြင်းက ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားစေနိုင်ကြောင်း တရုတ်က ဇွန် ၂၁ ရက်တွင် သတိပေးခဲ့သည်။

 ယင်းကိစ္စရပ်ကို အဓိကထား၍ဆွေးနွေးရန် ဂျာမနီစီးပွားရေးဝန်ကြီး ရောဘတ်ဟာဘက်ခ်သည် ပေကျင်းသို့ ရောက်ရှိနေသည်။

တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများတင်သွင်းခြင်းကို စည်းကြပ်ခွန်အများအပြား ကောက်ခံရန် အီးယူက အဆိုပြုပြီးနောက်ပိုင်း ဂျာမနီစီးပွားရေးရောဘတ်ဟာဘက်ခ်၏ သုံးရက်ကြာခရီးစဉ်သည် တရုတ်သို့ အီးယူ အဆင့်မြင့်တာဝန်ရှိသူတစ်ဦး ပထမဆုံးလာရောက်ခြင်းဖြစ်သည်။ အီးယူ၏ အဆိုပြုချက်ကြောင့် တရုတ်က တန်ပြန်ရေးအစီအမံများလုပ်ဆောင်ခဲ့ကာ တရုတ်ခေါင်းဆောင်များကလည်း ယင်းအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ဥရောပမှတင်သွင်းသည့် ဓာတ်ဆီကားများကို စည်းကြပ်ခွန်တိုးမြှင့်ရန် တရုတ်ကားကုမ္ပဏီများက တရုတ်အစိုးရကို တိုက်တွန်းခဲ့ပြီး တရုတ်အစိုးရကလည်း ဥရောပကော်မရှင်၏လုပ်ရပ်ကို လက်တုံ့ပြန်သည့်အနေဖြင့် ဥရောပမှ ဝက်သားတင်သွင်းမှုများအား တရုတ်စျေးကွက်၌ စျေးနှုန်းလျှော့၍ အစွံထုတ်ရောင်းချခြင်းရှိမရှိ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့သည်။

“အီးယူဘက်က လုံးလုံးလျားလျား တာဝန်ရှိတယ်”ဟု တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြောခွင့်ရက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“တစ်ဖက်စောင်းနင်းမဖြစ်စေဖို့ အကောက်ခွန်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုမှာ ဥရောပဘက်က တရုတ်စီးပွားရေးလုပ်ငန်းတွေကို ခြိမ်းခြောက်အကျပ်ကိုင်ခဲ့ပြီးကြီးလေးတဲ့ အကောက်ခွန်နှုန်းထားတွေ ချမှတ်မယ်လို့ ခြိမ်းခြောက်သလို အချက်အလက်တွေကို လိုတာထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်”ဟု ၎င်းက ဆိုသည်။

ဥရောပ၏ စီးပွားရေးအင်အားအကြီးဆုံးဖြစ်သော ဂျာမနီ၏ စီးပွားရေးဝန်ကြီး ဟက်ဘက်ခ်၏ ခရီးစဉ်သည် မကြာသေးမီကစည်းကြပ်ခွန်ဆိုင်ရာ ထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်၍တရုတ်တာဝန်ရှိသူများကို ရှင်း လင်းပြောဆိုရန်နှင့် ဂျာမနီစီးပွားရေးလုပ်ငန်းများကို ထိခိုက်စေနိုင်သည့် တရုတ်၏လက်တုံ့ပြန်မှုကို ရှောင်ရှားနိုင်ရန် ပြေရာပြေကြောင်း ပြောဆိုနိုင်မည့် အခွင့်အလမ်းအဖြစ် ရှုမြင်ခံရသည်။

ဂျာမနီ၏ သဘောထားကအထူးပင်သြဇာသက်ရောက်မှုရှိပြီး ဂျာမနီ၏ထိပ်တန်းကားကုမ္ပဏီများကလည်း အီးယူ၏စည်းကြပ်ခွန်ကောက်ခံမှု အစီအစဉ်ကို ကျယ်ကျယ်လောင်လောင် ဆန့်ကျင်လျက်ရှိသည်။ ဂျာမ နီအစိုးရက အပြန်အလှန်ဆွေးနွေးမှု ပြုလုပ်ရန် တိုက်တွန်းထားပြီး တရုတ်ဘက်က ညှိနှိုင်းလာမည်ကို မျှော်လင့်လျက်ရှိသည်။

တရုတ်က တုံ့ပြန်မှုများ လုပ်ဆောင်မည်ဆိုလျှင် ဂျာမနီကားကုမ္ပဏီများသည် အများဆုံးထိခိုက်ဖွယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ယမန်နှစ်က ဂျာမနီ၏ကားရောင်းချမှု သုံးပုံတစ်ပုံနီးပါးသည် စီးပွားရေး ၁၈ ဒသမ ၆ ထရီလျံရှိ တရုတ်သို့တင်ပို့ရောင်းချခဲ့ခြင်းဖြစ်သည်။

အီးယူ၏ လျှပ်စစ်ကားစည်းကြပ်ခွန်အစီအစဉ်ကြောင့် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး တရုတ်နှင့် ကုန်သွယ်ရေးဆိုင်ရာဆက်ဆံရေးသည် အနိမ့်ဆုံးသို့ကျဆင်းခဲ့သည်။                   

Ref: Reuters

Most Read

Most Recent