ဂါဇာဒေသအား အကူအညီများပေးရန်ကမ်းလှမ်းမှုအတွက် အင်ဒိုနီးရှားသမ္မတလောင်း ပရာဘိုဝိုကို ကျေးဇူးတင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ဂါဇာဒေသအား အကူအညီများပေးရန်ကမ်းလှမ်းမှုအတွက် အင်ဒိုနီးရှားသမ္မတလောင်း ပရာဘိုဝိုကို ကျေးဇူးတင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
ဇွန် ၁၁ ရက်က ဂျော်ဒန်နိုင်ငံ အမ်မန်မြို့တော်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် (ဝဲ) နှင့် အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုတို့ တွေ့ဆုံနေစဉ်
ဇွန် ၁၁ ရက်က ဂျော်ဒန်နိုင်ငံ အမ်မန်မြို့တော်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် (ဝဲ) နှင့် အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုတို့ တွေ့ဆုံနေစဉ်
Published 12 June 2024

ဂါဇာကမ်းမြောင်ဒေသအား အကူအညီများပေးရန် ကမ်းလှမ်းခဲ့သည့်အတွက် နောက်တက်လာမည့် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုကို ကျေးဇူးတင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ဇွန် ၁၁ ရက်က ဂျော်ဒန်တွင် ပြုလုပ်ခဲ့ သည့် ၎င်းတို့နှစ်ဦး၏ အစည်းအဝေးအတွင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂက ထောက်ခံပေးထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့မည်ဆိုပါက ဂါဇာကို ငြိမ်းချမ်းရေးထိန်းသိမ်း ရေးတပ်ဖွဲ့များစေလွှတ်ရန်နှင့် ဆေးဘက်ဆိုင်ရာအကူအညီများ ပိုမိုထောက်ပံ့ပေးသွားမည်ဟု ကမ္ဘာ့အကြီးဆုံး မွတ်ဆလင်အများစု နေထိုင်သည့် အင်ဒိုနီးရှားနိုင်ငံ၏ ရွေးကောက်ခံသမ္မတက ကတိပြုခဲ့သည်။

လက်ရှိတွင် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ပရာဘိုဝိုကို ရွေးကောက်ပွဲအနိုင်ရခဲ့မှုအတွက် ဘလင် ကင်က ဂုဏ်ပြုခဲ့ပြီး အမေရိကန်ဦးဆောင်သည့် အပစ်အခတ်ရပ်စဲရေးအစီအစဉ်သည် အစ္စရေးနှင့် ပါလက်စတိုင်းတို့အတွက် မည်ကဲ့သို့ အကျိုးရှိစေလိမ့်မည်ဆိုခြင်းကို ဆွေးနွေးခဲ့ကြသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မက်သူး မီလာက ပြောကြားခဲ့သည်။

ဂါဇာတွင် ချက်ချင်းအပစ်အခတ်ရပ်စဲမှုဖြစ်စေရန်နှင့် ဓားစာခံများအားလုံး လွတ်မြောက်စေရန် အဆိုပြုချက်ကို အင်ဒိုနီးရှား၏ ထောက်ခံပေးမှုအတွက် ပရာဘိုဝိုကို ဘလင်ကင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်ဟု မီလာက ပြောသည်။

ပင်လယ်သေတွင် ပြုလုပ်ခဲ့သည့် ညီလာခံတွင် ပရာဘိုဝိုက မိန့်ခွန်းပြောကြားခဲ့ရာတွင် အင်ဒိုနီးရှားအနေဖြင့် ဂါဇာသို့ ဆေး ဘက်အဖွဲ့များစေလွှတ်ရန်၊ ဂါဇာတွင် ယာယီဆေးရုံတည်ဆောက်ရန်၊ ဂါဇာသို့ ဆေးရုံကဲ့သို့ အသုံးပြုနိုင်သည့် သင်္ဘောတစ်စင်းစေ လွှတ်ပေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

အင်ဒိုနီးရှားသည် ဂါဇာစစ်ပွဲအတွင်း မိဘများဆုံးရှုံးခဲ့ရသည့် ကလေးများ၊ စိတ်ဒဏ်ရာခံစားနေရသည့် ကလေးများအပါအဝင် ဂါဇာဒေသအတွင်းမှ လူပေါင်း ၁၀၀၀ ခန့်ကို လက်ခံပြီး ဆေးဝါးကုသပေးမည်ဖြစ်ပြီး  စစ်ပွဲပြီးသွားချိန်တွင် ဂါဇာသို့ ပြန်လည်ပို့ ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပရာဘိုဝိုက  ပြောကြားခဲ့သည်။

“ကျွန်တော်တို့က အဲဒီအားထုတ်ကြိုးပမ်းမှုတွေအားလုံးကို ထောက်ခံပြီး အကူအညီတွေပေးမယ်ဆိုသည့်တိုင် ပြဿနာရဲ့ နောက်ဆုံးအဖြေကတော့ နှစ်နိုင်ငံယှဉ်တွဲ နေထိုင်ရေးအဖြေပဲဖြစ်ပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်နိုင်ငံယှဉ်တွဲနေထိုင်ရေး အဖြေကသာ ဒီပြဿနာကို ဖြေရှင်းနိုင်မှာပါ”ဟု ပရာဘိုဝိိုက ပြောကြားခဲ့သည်။

အမေရိကန်သည် ၎င်း၏ ကာလကြာရှည်မဟာမိတ်ဖြစ်ပြီး ဘာသာရေးအစွန်းမရောက်သည့် သမိုင်းကြောင်ဖြင့် လူသိများသည့် အင်ဒိုနီးရှားနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ အခန်းကဏ္ဍတွင် ပိုမိုကြီးမားသည့်နေရာမှပါဝင်ရန် အားပေးလှုံ့ဆော်ခဲ့သည်။

ဟားမာ့စ်အဖွဲ့သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အစ္စရေးအရပ်သားအများစု အပါအဝင် လူပေါင်း ၁၂၀၀ ခန့်သေဆုံးခဲ့ပြီး  လူပေါင်း ၂၅၀ ခန့်ပြန်ပေးဆွဲဖမ်းဆီးခံခဲ့ရသည်။

ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကလေး များနှင့် အမျိုးသမီးအများစုအပါအဝင် လူပေါင်း ၃၇၂၀၀ ကျော်သေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

                                          Ref:AFP

Most Read

Most Recent