လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အနီးရှိ ၆၂၆ တပ်၊ အထက(၅)၊ အမြောက်တပ်နှင့် တပ်ဆေးရုံတစ်ဝိုက်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ

လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အနီးရှိ ၆၂၆ တပ်၊ အထက(၅)၊ အမြောက်တပ်နှင့် တပ်ဆေးရုံတစ်ဝိုက်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ
လားရှိုးမြို့ ကို ဇွန်လ အတွင်းက တွေ့ရစဉ်
လားရှိုးမြို့ ကို ဇွန်လ အတွင်းက တွေ့ရစဉ်
Published 30 July 2024

လားရှိုးမြို့တွင် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး အထူးသဖြင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အနီးရှိ ၆၂၆ တပ်၊ အထက(၅)၊ အမြောက်တပ်နှင့် တပ်ဆေးရုံတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း ယနေ့(ဇူလိုင် ၃၀ ရက်) နံနက်ပိုင်းတွင် စုစည်းရရှိသော သတင်းများအရ သိရသည်။

ထို့အပြင် ယမန်နေ့ညနေပိုင်းကလည်း ရမခအနီး လေယာဉ်ကွင်းဘက်အခြမ်းမှ MNDAA များ စိမ့်ဝင်ပြီး တိုက်ပွဲများ ညပိုင်းအထိဖြစ်ပွားခဲ့ကြောင်း သိရသည်။ သတင်းရင်းမြစ်များ၏အဆိုအရ ရမခအနေဖြင့် ခံစစ်ပြင်၍ တိုက်ပွဲများ အဓိကဖြစ်ပွားနေကာ MNDAA နှင့်ပူးပေါင်းအဖွဲ့များအနေဖြင့် ရမခအနီးတစ်ဝိုက်မှနေ၍ ရှော့တိုက်ဒုံးများနှင့်ပစ်ခတ်နေမှုများလည်း ရှိကြောင်းသိရသည်။

“ ၆၈ တပ်နဲ့ လားရှိုး အကျဉ်းထောင်ဘက်ကလာတဲ့ MNDAA နဲ့ပူးပေါင်းအဖွဲ့တွေက မနေ့က ညနေပိုင်းလောက်မှာ လေယာဉ်ကွင်းဘက်အခြမ်းကနေ ရမခထဲကိုဝင်ဖို့ ကြိုးစားတယ်။ အဲဒီမှာတိုက်ပွဲတွေဖြစ်တယ်။ ဒါပေမဲ့ သူတို့ဝင်လုံးတာကို တပ်ကထိန်းလိုက်နိုင်တယ်လို့သိရတယ်။ ဝန်တင်တပ်တို့ ဆင်တောင်တို့ဘက်ခြမ်းမှာလည်း တပ်ကပြန်ထိန်းထားနိုင်တယ်လို့ ကြားရတယ်” ဟု လားရှိုးစစ်သတင်းများကို စောင့်ကြည့်သိရှိသူ ဒေသခံတစ်ဦးက ပြောကြားသည်။

လက်ရှိ ဇူလိုင် ၃၀ ရက် နံနက်ပိုင်းကရရှိသောသတင်းများအရ ရမခအနီး ၆၂၆ ထောက်ပို့တပ်၊ ဝန်တင်တပ်တွင် ရှော့တိုက်ဒုံးကြောင့် မီးလောင်မှုဖြစ်ပွားနေကြောင်း လူမှုကွန်ရက်တွင် ရေးသားမှုများရှိနေသည်။

ယင်းမီးလောင်မှုမှာ လားရှိုးတိုင်းရုံးနားရှိ တရုတ်ကျောင်းအနောက်ဘက်မှ ထောက်ပို့တပ် ၆၂၆ ဆီဂိုဒေါင် မီးလောင်ခြင်းမှန်ကန်သော်လည်း ယင်းနေရာကို တပ်မတာ်ဘက်မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး MNDAA အနေဖြင့် ဆီဂိုဒေါင်ကို မီးရှို့၍ ဆုတ်ခွာသွားကြောင်းသိရသည်။

ထို့ပြင် ထွက်ပေါ်လျက်ရှိသော လားရှိုးစစ်ရေးအခြေအနေများနှင့်ပတ်သက်၍ ရမခအနီးတစ်ဝိုက် တိုက်ပွဲများ ပြင်းထန်ဖွယ်ရှိပြီး တပ်မတော်နှင့် MNDAA အကြား ရမခအနီးတစ်ဝိုက်နယ်မြေများတွင် အပြန်အလှန်ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ စုံစမ်းရရှိသောသတင်းများအရ ရမခတိုင်းစစ်ဌာနချုပ်အား စစ်ကူပေးနိုင်ရန် တပ်မတော်စစ်ကြောင်းအချို့ လားရှိုးဘက်သို့ ဦးတည်လာနေကြောင်းလည်း သိရသည်။ Exile မီဒီယာအချို့တွင်လည်း တပ်မတော်ဘက်မှ လားရှိုးကိုပြန်လည်ထိုးစစ်ဆင်ရန် အင်အားအများအပြားကို မိတ္ထီလာမှတစ်ဆင့်တောင်ကြီး၊ နမ့်စန်တစ်ကြောမှ တန့်ယန်းမြို့သို့ ပို့ဆောင်ရောက်ရှိနေပြီဖြစ်ကြောင်း၊ တပ်ယာဉ်တန်းများကို ရလခတိုင်းမှူးက ကွပ်ကဲပြီး လားရှိုးသို့ စစ်ကူပေးရန် ပြင်ဆင်နေကြောင်း ရေးသားမှုများရှိနေသည်။ ­

ယနေ့နေ့လည်ပိုင်းတွင်ရရှိသော သတင်းများအရ ရမခအနီးတစ်ဝိုက်ရှိ တပ်ရင်းတပ်ဖွဲ့စခန်းအချို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့ကြောင်းသိရသည်။

ယမန်နေ့က လေယာဉ်ကွင်းဘက်သွားသည့်လမ်း မျက်နှာခြင်းဆိုင်တွင်ရှိသော အထက(၅)သို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရမှုအတွင်း ကိုယ်ဝန်ဆောင်သည်အချို့နှင့် စစ်ရှောင်သူအချို့  ထိခိုက်ဒဏ်ရာရမှုများရှိကြောင်း သိရသည်။

လက်ရှိတွင် လားရှိုး မြို့ထဲမှ နာရေးကူညီမှုအသင်းများ ထွက်ခွာသွားသဖြင့် ကြာကန် သချိင်္ုင်းသို့ သေဆုံးသူအရပ်သားများကို ပို့ဆောင်ရန်အဆင်မပြေသဖြင့် ဒေသခံများ ဒုက္ခရောက်နေကြောင်းလည်း သိရသည်။

လားရှိုးမြို့တွင် စစ်ရှောင်များအား နေ့စဉ်ကူညီမှုများပြုလုပ်ပေးခဲ့သူ ကိုနေမျိုးက ဇူလိုင် ၂၈ ရက် ညပိုင်းတွင် ၎င်း၏လူမှုကွန်ရက်၌ “ပစ်ခတ်မှုဖြစ်နေတဲ့ရပ်ကွက်ကလူတွေ ထွက်လို့မရသေးပါ။ အိမ်ထဲမှာ ပိတ်မိနေသူ ပုန်းနေသူတွေရှိတဲ့ဘက် လက်နက်ကြီးကျလို့ သေဆုံးတာတွေလဲ နေ့စဉ်ဖြစ်နေပါတယ်။ သဂြိုဟ်ဖို့ အကူအညီမရလို့ ဒီတိုင်းပစ်ထားရတဲ့အလောင်းတွေလဲရှိပါတယ်။ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုတဲ့အတိုင်း စစ်ဖြစ်လို့ မြို့ခံအများစု အိုးပစ်အိမ်ပစ်ပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရချိန်မှာ လူယုတ်မာ သူခိုးတွေက အုပ်စုလိုက် မိသားစုလိုက် အိမ်တွေဖောက် ဆိုင်တွေဖောက်ပြီး နေ့စဉ် ခိုးယူနေကြပါတယ်။ ရပ်ကွက်(၅)ရေကန်လမ်းပေါ်က လူသိများတဲ့ ကုန်စုံဆိုင်ကြီးတစ်ဆိုင်ဆိုရင် နေ့ခင်းမှာကို လူတွေက အုပ်စုလိုက် ဝင်ရောက်ခိုးယူနေကြပါတယ်။ တချို့ဆို ကား/ဆိုင်ကယ်တွေနဲ့ကို ခိုးယူပစ္စည်းတွေအများကြီး သယ်ပြီး သွားလာနေကြပါတယ်” ဟု ရေးသားထားသည်။

 

လားရှိုးမြို့မှ စစ်ရှောင်မည့် ဒေသခံများအား မြို့မှထွက်ချိန်ကို အချိန်နှင့် ခွင့်ပြုထားသော်လည်း မြို့အဝင်ကို ခွင့်မပြုတော့ကြောင်းနှင့် စဉ့်အင်မှ တက်လာသည့်ကားများ လားရှိုးမြို့ထဲဝင်ရန် ခါးသျှို၌ တန်းစီစောင့်ဆိုင်းနေသည်မှာ တစ်ပတ်ကျော် ကြာပြီဖြစ်သော်လည်း ဝင်ခွင့်မရ‌သေးသည့် အခြေအနေဖြစ်နေကြောင်းလည်း သိရသည်။

 

ထို့ပြင် နမ့်ပေါင်လမ်းတွင် တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများရှိနေသောကြောင့် လားရှိုးမြို့မှ နမ့်ပေါင်လမ်းအတိုင်း ထွက်ခွာမည့်သူများအနေဖြင့် ဖုန်းထဲတွင် နိုင်ငံရေးနှင့်ပတ်သက်သည်များကို ဖျက်ထားကြရန်နှင့် စစ်ဆေးရာတွင် တွေ့ရှိပါက အဖမ်းခံရနိုင်ပြီး ဖုန်း အသိမ်းခံရနိုင်ကြောင်း သိရသည်။

ယင်းပြင် စစ်ရှောင်ဒေသခံများ အနေဖြင့် MNDAA နှင့်ပူးပေါင်း အဖွဲ့များ၏ မတရား ဖမ်းဆီးခံရမှုများလည်း ရှိနေကြောင်း လူမှုကွန်ယက်များတွင် ပြောကြားထားသည့် ဖြစ်စဉ်များ အရသိရသည်။

 

လားရှိုးမြို့ ၌ မြို့တွင်းတိုက်ပွဲများ ဖြစ်ပွားလာမှုနှင့်အတူ ကျန်ရှိနေသော မြို့နေလူထု အများစုမှာလည်း ယခုရက်ပိုင်းအတွင်း စစ်ဘေးရှောင်မှု အများအပြားရှိနေပြီး လက်ရှိအချိန်အထိ လားရှိုးမြို့ ၏ လူဦးရေ ၉၀ ရာခိုင်နှုန်းခန့်မှာ စစ်‌ဘေးရှောင်‌နေကြပြီး စစ်ရှောင်ရန်အခြေအနေ မရကြသည့် ဒေသခံ အနည်းငယ်သာ ကျန်ရှိဖွယ်ရှိကြောင်း လူမှုအဖွဲ့အစည်းများထံမှ သိရှိရသည်။

 

ဇူလိုင် ၂၇ ရက် ညပိုင်းကလည်း လားရှိုးမြို့ရှိ “ဝ” အဖွဲ့၏ ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက်ဟုဆိုကာ "ဝ" တပ်ဖွဲ့များက လားရှိုးမြို့တွင်းသို့ ဝင်ရောက်လာခဲ့ပြီး ယခုအခါ “o” တပ်ဖွဲ့များသည် လားရှိုးမြို့မှ ပြန်လည်ထွက်ခွာသွားသည်ဟုလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။

 

 

၂၀၂၄ ခုနှစ် ဇွန် ၂၇ ရက်က စတင်၍  ၁၀၂၇ စစ်ဆင်ရး ဒုတိယပိုင်းပြန်စသည်ဆိုကာ TNLA အဖွဲ့က မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါတို့တွင်လည်းကောင်း၊ TNLA နှင့်ပူးပေါင်းထားသည့် MDY PDF က မတ္တရာ - စဉ့်ကူးတွင် လည်းကောင်း၊ ဇူလိုင် ၃ ရက်က စတင်၍  MNDAA အဖွဲ့နှင့်ပူးပေါင်းအဖွဲ့က လားရှိုးမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဇူလိုင် ၂၈ ရက်အထိ ယင်းဒေသများတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

 

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးအား ဂုဏ်ပြုခြင်းနှင့် တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရဟုဆိုကာ MNDAA အဖွဲ့က ဇူလိုင်လကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားသော်လည်း လားရှိုးမြို့တွင်းသို့ ဝင်ရောက်တိုက်ခိုက်မှုများနှင့် ရှော့တိုက်ဒုံးများဖြင့် နေ့စဉ်ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။

 

လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အား သိမ်းပိုက်ရရှိခဲ့ကြောင်း MNDAA က ဇူလိုင် ၂၅ ရက်တွင် သတင်းအမှားများ ထုတ်လှွင့်ခဲ့သော်လည်း ဇူလိုင် ၃၀ ရက်အထိ လားရှိုးမြို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

---

Most Read

Most Recent