ပြည်တွင်း ငါးစျေးကွက် မရှိသည့်အတွက် ထိုင်းနိုင်ငံတွင် ဝယ်သူစိတ်ကြိုက် စျေးကွက် ဖြစ်နေပြီး မြန်မာနိုင်ငံမှ ရေလုပ်ငန်းရှင်များ နှစ်စဉ်အခက်အခဲဖြစ်ပေါ်

ပြည်တွင်း ငါးစျေးကွက် မရှိသည့်အတွက် ထိုင်းနိုင်ငံတွင် ဝယ်သူစိတ်ကြိုက် စျေးကွက် ဖြစ်နေပြီး မြန်မာနိုင်ငံမှ ရေလုပ်ငန်းရှင်များ နှစ်စဉ်အခက်အခဲဖြစ်ပေါ်
မြိတ်မြို့၊အင်းလေးမြိုင်ရှိ ငါးလေလံစျေးမြင်ကွင်း
မြိတ်မြို့၊အင်းလေးမြိုင်ရှိ ငါးလေလံစျေးမြင်ကွင်း
Published 20 July 2024
ဇော်မိုးဦး(မြိတ်)

 ပြည်တွင်း ငါးစျေးကွက်မရှိသည့် အတွက် ထိုင်းနိုင်ငံတွင် ဝယ်သူစိတ်ကြိုက် စျေးကွက်ဖြစ်နေပြီး မြန်မာနိုင်ငံမှရေလုပ်ငန်းရှင် များ နှစ်စဉ်အခက်အခဲဖြစ်ပေါ်နေကြောင်း ငါးဖမ်းလုပ်ငန်းရှင်များ၊ ရေလုပ်ငန်းနှင့် ဆက်စပ်သူများက ပြောကြားခဲ့သည်။

မြန်မာ့ပင်လယ်ပြင်တွင်ငါးဖမ်းရာသီရောက်ရှိပြီဖြစ်သော်လည်း ငါးစျေးကွက် တွင် စျေးနှုန်းအရ နည်းခြင်း၊ အထွက်စရိတ်ကြီးမြင့် ခြင်းများကြောင့် လုပ်ငန်းရှင်များ အခက်အခဲ ဖြစ်ပေါ်နေကြောင်း၊ငါးစျေးကွက်တွင် ဝယ်သူ စိတ်ကြိုက် ဖြစ်နေပြီး ရွေးချယ်စရာ မရှိသည့် အတွက် ငါးဖမ်းလှေများနှင့် ငါးသယ်လှေများ မှာ နှစ်စဉ်နှစ်တိုင်းနီးပါး အခက်အခဲဖြစ်ပေါ် နေကြောင်း သိရသည်။

“ထိုင်းက Buyer Market ဖြစ်နေ တာရယ်၊ ဒီဘက်မှာဥပဒေ စည်းမျဉ်းက လျော့ ရဲ နေတာလို့ ပြောရမှာပေါ့၊ဒီအခြေအနေကို ထိုင်းနိုင်ငံကသိနေတယ်။ အမှန်ဆိုရင် အိမ်နီး ချင်းကောင်းပီသစွာရော၊ ကျွန်မတို့မြန်မာ့ ရေပြင်မှာနှစ်ကာ လကြာရှည်စွာအကျိုးမြတ် ယူနေတဲ့ကိစ္စကိုကြည့်ပြီး မျှမျှတတ လုပ်ပေးရ မှာပါ၊အရင်တုန်းက A Grade ရှိတဲ့ပုစွန် တစ် ကီလိုကို ဒေါ်လာ ၃၀ ရှိခဲ့တယ်ဆိုရင် အခု စျေးနှုန်း မတက်ပေးတဲ့အပြင် ပြန်ပြီး ဆွဲချတဲ့ နေပါတယ်၊ အဲဒီတော့ ထိုင်းဘက်က အကျိုး အမြတ်ပိုရပြီး ကျွန်မတို့ နိုင်ငံက ရေလုပ်ငန်း ရှင်တွေ ပိုပြီးအကျိုးအမြတ် နည်းသွားပါ တယ်” ဟု မြန်မာအပြည်ပြည်ဆိုင်ရာ ငါးလေလံစျေးမှ  MD ဒေါ်ဌေးဌေးဝင်းက ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ငါးစျေးကွက်ဖော်ဆောင်နိုင်သည့် အပြည် ပြည်ဆိုင်ရာ အဆင့်မီ ငါးလေလံစျေးရှိနေ သော်လည်း ယခင် အဆက်ဆက် မျက်ကွယ် ပြုနေခဲ့သည့်အတွက်ငါးစျေးကွက်မှာ ထိုင်း နိုင်ငံ၏ချုပ်ကိုင်မှုအောက်တွင် ရောက်ရှိနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အခု ငါးဖမ်းရာသီမှာ ပင်လယ်ပြင်ကိုထွက်တယ်၊ ၁၀ ရက်လောက် ငါးဖမ်းရင် ၀ါလတ်ပီပါပုံးနှင့် ၃၀၊၄၀ အထိ ပဲ ရနိုင်တယ်၊တစ်ပုံးကိုထိုင်းဘတ်ငွေ ၂၀၀၀ ( မြန်မာငွေ ၂ သိန်းကျော် )ရတယ်၊ ပေးထား တဲ့ ငါးဖမ်းဆီးခွင့်က ရက် ၆၀ ရှိတယ်၊အဲဒီ တော့ ပုံးပေါင်း ၂၄၀ ရမယ်၊ ငါးပုစွန်ရောင်းရ ငွေ က သိန်း ၅၀၀  တောင်မရဘူး၊ လှေတစ် စင်း အထွက်စရိတ်က သိန်းတစ်ထောင်ရှိနေ တယ်၊ ငါးအမျိုးအစားတစ်ခုချင်းကို ခွဲရောင်း ရင် ဒီထက်စျေးပိုရမှန်းသိတယ်၊ ဒါပေမယ့် တံတားပေါ်တင်ရောင်းဖို့ ငါးစျေးကွက်မရှိ ဘူး။  ငါးစျေးကွက်က ထိုင်းမှာပဲ ရှိတယ်၊ အဲဒီ တော့ ရတဲ့စျေးနှင့်ပဲ ထိုးရောင်းရမယ်၊ စျေး မကိုက်လို့ ပြန်သယ်လာရင်လည်း လှေစရိတ်၊ အလုပ်သမားစရိတ်ကုန်မယ်၊ပြီးတော့ ဘယ် မှာသွားရောင်းရမလဲ၊ အခုအနေထားက အရင်း ရတဲ့လှေက အထူးအဆန်းလို ဖြစ်နေ ပြီး ရှုံးနေတာက ပုံမှန်ပဲ၊  ဘာကြောင့် လုပ်နေ သလဲ ဆိုရင် ရေလုပ်သားတွေ အလုပ်လက် မဲ့ဖြစ်သွားမယ်၊ ငါးဖမ်းလှေတွေကို ဒီအတိုင်း ပစ်ထားရင်ဆွေးမြည့်သွားမယ်၊ တစ်ခါတစ်လေများ အကျိုးအမြတ်ရမလားဆိုတဲ့ မျှော်လင့်ချက်နှင့်လုပ်နေတယ်လို့ပြောမယ်” ဟု မြိတ်မြို့ မှ ငါးဖမ်းလှေ လုပ်ငန်းရှင်တစ်ဦးကပြောကြားသည်။

ငါးဖမ်းလှေများမှရရှိသည့်ငါးပုစွန်များ ကို ငါးသယ်လှေ(လိုင်းဖြူ )များဖြင့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့  သွားရောက်ရောင်းချနေပြီး ထိုင်းတွင် ကြီးမားသည့် ငါးစျေးကွက်ကြီး တစ်ခုဖြစ်နေသည်မှာ ဆယ်စုနှစ် သုံးခုကြာ မြင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

“ဒီအချိန်မှာ ကိုယ့်ပြည်တွင်းမှာ ရှိနေ တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မထွက်သွား ဖို့က အရေးကြီးပါတယ်။ ကျွန်မတို့ဆိုရင် ဘယ်လိုအခက်အခဲတွေ ဖြစ်ခဲ့ပါစေ လုံးဝ မထွက်သွားခဲ့ဘူး၊ ခေတ်အဆက်ဆက် အ ထက် လူကြီးတွေကို တစ်စိုက်မတ်မတ် တင်ပြ ခဲ့တယ်၊ ဒါပေမယ ့်လစ်လျူရှုပြီး နေခဲ့ကြတယ် အဲဒီတော့ ကိုယ်ရေပြင်မှာ ဖမ်းတဲ့ငါးစျေး ကွက် ကိုယ်နိုင်ငံမှာမရှိဘဲ တခြားနိုင်ငံမှာ ရောက်နေတာပါပဲ။ ဒီမှာရှိတဲ့ လုပ်ငန်းရှင် တွေ စည်းလုံးစွာနှင့်ငါးစျေး ကွက်တစ်ခုကိုအ မှန်တစ်ကယ် ဖော်ဆောင်နိုင်ဖို့ ဆန္ဒရှိရင် တစ်ကယ်ဖြစ်ပါတယ်” ဟု ဒေါ် ဌေးဌေးဝင်းက ပြောကြားသည်။

 

Most Read

Most Recent