ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့်အခြေအနေ မရှိသော်လည်း မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်၌ မိုးသက်လေပြင်းကျရောက်ပြီး ရေပြင်/မြေပြင်လေ တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့်အခြေအနေ မရှိသော်လည်း မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်၌ မိုးသက်လေပြင်းကျရောက်ပြီး ရေပြင်/မြေပြင်လေ တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်
Published 24 May 2024

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့်အခြေအနေ မရှိသော်လည်း မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်၌ မိုးသက်လေပြင်းကျရောက်ပြီး ရေပြင်/မြေပြင်လေ တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း မေ ၂၄ ရက်တွင် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ မြောက်-အနောက်မြောက်ဘက် ရေမိုင် ၃၀၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyigyun)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၆၀ မိုင်ခန့်၊ ဂွမြို့(Gwa)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၉၅ မိုင်ခန့်၊ သံတွဲမြို့(Thandwe)၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၄၀၀ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့(Khepupara)၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၄၁၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ကန်နင်း မြို့(Canning)၏ တောင်ဘက် ရေမိုင် ၄၂၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း၊ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် ၉ နာရီခွဲတွင် မြောက်လတ္တီကျု ၁၅ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၈ ဒသမ ၄ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၉၆ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ နှုန်းခန့် ဖြစ်ကြောင်း သိရသည်။

အဆိုပါမုန်တိုင်းငယ်သည် ကနဦးတွင် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ မေ ၂၅ ရက် နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ ထိုမှတစ်ဆင့် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး မေ  ၂၆ ရက် နံနက်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့ အားကောင်းလာနိုင်ကာ မေ ၂၇ ရက် နံနက်အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့နှင့်  ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ၊ ဆာဂါကျွန်းတို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။

အဆိုပါမုန်တိုင်းငယ်၏အရှိန်ကြောင့် မေ ၂၄ ရက်မှ ၂၇ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့နေရာများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

အလားတူ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် မေ ၂၄ ရက်မှ မေ ၂၅ ရက်အတွင်း တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေ ခန့်ရှိနိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဖြစ်ကြောင်း၊ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် မေ ၂၄ ရက်တွင် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်း အမြင့်မှာ ၉ ပေမှ ၁၃ ပေခန့်၊  မေ ၂၅ ရက်မှ မေ ၂၆ ရက်အတွင်း တစ်နာရီလျှင် မိုင် ၅၀ မှ မိုင် ၆၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၁၃ ပေမှ ၁၆ ပေခန့်ရှိနိုင်ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးဇလက အသိပေးထားကြောင်း သိရသည်။

Most Read

Most Recent