မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြဝတီ-ဝေါလေမြိုင်သွားကားလမ်းရှိ မယ်ထော်သလေးရွာအဝင်တံတား ကျိုးကျသွားပြီး ယာဉ်အသွားအလာ ပြတ်တောက်

မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြဝတီ-ဝေါလေမြိုင်သွားကားလမ်းရှိ မယ်ထော်သလေးရွာအဝင်တံတား ကျိုးကျသွားပြီး ယာဉ်အသွားအလာ ပြတ်တောက်
Published 10 June 2024

ဇွန် ၈ ရက်ညတွင် တစ်ညလုံးမိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားခြင်းကြောင့် မြဝတီ-ဝေါလေမြိုင် သွားလမ်းပေါ်ရှိ မယ်ထော်သလေးရွာအဝင်တံတား ကျိုးကျသွားကာ ဒေသတွင်း ခရီးသွားယာဉ်များ သွားလာမရဘဲ အခက်ကြုံနေရကြောင်း သိရသည်။

ဇွန် ၈ ရက် ညနေမှ ဇွန် ၉ ရက်နံနက်ပိုင်းအထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် မယ်ထော်သလေးချောင်းကူးတံတားမှာ ရေတိုက်စားခြင်းကြောင့် ကျိုးကျသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါတံတားသည် မြဝတီတောင်ဘက် မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ လေးကေ့ကော်၊ ရသေ့ဂူ၊ မင်းလက်ပန်၊ ကျောက်ခတ်၊ ဆုံစည်းမြိုင်၊ ဝေါလေမြိုင်မြို့၊ စုကလိမြို့နယ်နှင့် ကျေးရွာပေါင်းများစွာကို ပေါင်းကူးဆက်သွယ်ပေးထားသော တံတားဖြစ်သည်။

“မနေ့က တံတားကျိုးကျသွားတော့ မြဝတီကိုတက်ပြီး စျေးဝယ်လို့မရတော့ဘူး၊ တစ်ချို့ကလည်း ကားကို ဒီဘက်မှာထားခဲ့ပြီး သွားကြတယ်၊ လူလွတ်ကအကြောင်းမဟုတ်ပေမယ့် ပစ္စည်းသွားဝယ်ဖို့ကျတော့ အခက်အခဲဖြစ်တာပေါ့” ဟု အင်ကြင်မြိုင်ကျေးရွာ၌ စျေးဆိုင်ဖွင့်လှစ်ရောင်းချနေသူ ဒေါ်သိန်းဦးက ပြောကြားသည်။

ယခုအခါ ရေတိုက်စားသွားသည့်နေရာတွင် သစ်သားချောင်းများဖြင့် အစားထိုး၍ လမ်းလျှောက်သွားလာရအောင် ပြင်ဆင်ထားခြင်းကြောင့် ဆိုင်ကယ်နှင့် ယာဉ်များအား တစ်ဘက်တွင် ထားခဲ့ကြပြီး အဆင်ပြေသလိုသွားလာနေကြရကြောင်း သိရသည်။

အဆိုပါချောင်းကူးတံတားနေရာတွင် လွန်ခဲသော ၅ နှစ်ခန့်ကလည်း ရေတိုက်စားခြင်းကြောင့် တစ်ကြိမ်ကျိုးကျခဲ့ဖူးပြီး ယခုကျိုးကျေသာ တံတားမှာ အသစ်ပြန်လည်တည်ဆောက်တားသော တံတားဖြစ်သည်။

Most Read

Most Recent