ဒစ်ဂျစ်တယ်ငွေပေးချေမှု ဆောင်ရွက်နိုင်သည့်ပမာဏကို တစ်ရက်လျှင် လူပုဂ္ဂိုလ်အချင်းချင်း အများဆုံးကျပ်သိန်း ၅၀ နှင့် လူပုဂ္ဂိုလ်မှ ရွှေဆိုင်အပါအဝင် ရောင်းချသူလုပ်ငန်းများသို့ ပေးချေခြင်းအတွက် အများဆုံးကျပ်သိန်း ၁၀၀ ပြင်ဆင်သတ်မှတ်

ဒစ်ဂျစ်တယ်ငွေပေးချေမှု ဆောင်ရွက်နိုင်သည့်ပမာဏကို တစ်ရက်လျှင် လူပုဂ္ဂိုလ်အချင်းချင်း အများဆုံးကျပ်သိန်း ၅၀ နှင့် လူပုဂ္ဂိုလ်မှ ရွှေဆိုင်အပါအဝင် ရောင်းချသူလုပ်ငန်းများသို့ ပေးချေခြင်းအတွက် အများဆုံးကျပ်သိန်း ၁၀၀ ပြင်ဆင်သတ်မှတ်
Published 14 June 2024

ဒစ်ဂျစ်တယ်ငွေပေးချေမှု ဆောင်ရွက်နိုင်သည့်ပမာဏအား တစ်ရက်လျှင် လူပုဂ္ဂိုလ်အချင်းချင်း အများဆုံးကျပ်သိန်း ၅၀ နှင့် လူပုဂ္ဂိုလ်မှ ရွှေဆိုင်အပါအဝင် ရောင်းချသူလုပ်ငန်းများသို့ ပေးချေခြင်းအတွက် အများဆုံး ကျပ်သိန်း ၁၀၀ ပြင်ဆင်သတ်မှတ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဘဏ်များ၊ငွေရေး ကြေးရေးဝန်ဆောင်မှုလုပ်ငန်းများသို့ ဇွန် ၁၂ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်မှုအရ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံတော်အစိုးရ၏ ဒီဂျစ်တယ်စီးပွားရေးအဆောက်အအုံသို့ အသွင်ကူးပြောင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များအား ပံ့ပိုးနိုင်ရေးအစဉ်တစိုက်ကြိုးပမ်းလျက်ရှိရာ လုံခြုံမှု၊ တည်ငြိမ်မှု၊ စွမ်းရည်ပြည့်ဝမှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမှုများနှင့် ပြည့်စုံသောငွေပေးချေမှုနှင့်စာရင်း ရှင်းလင်းမှုစနစ်များ ပေါ်ပေါက်လာစေရန်၊ ငွေသားအသုံးမပြုသည့်ပေးချေမှုများနှင့် ငွေပေးချေမှုစနစ်ပေါင်းစုံ အပြန်အလှန်ချိတ်ဆက်ပေးချေနိုင်မှုအား မြှင့်တင်ရန်ငွေပေးချေဝန်ဆောင်မှုများအား ပြည်သူများအသုံးပြုမှု မြှင့်တင်ရန်နှင့် ငွေရေးကြေးရေးကဏ္ဍတွင် အလုံးစုံပါဝင်ပြီး နိုင်ငံ၏ စီးပွားရေးစနစ်အား အထောက်အကူဖြစ်စေရန် မူဝါဒများချမှတ်၍ ကြီးကြပ်ထိန်းကျောင်းလျက်ရှိကြောင်း ဗဟိုဘဏ်၏ညွှန်ကြားချက်တွင် ပါရှိသည်။         

ထို့ပြင် ဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် အစိုးရဌာနများနှင့် အများပြည်သူများမှ ဒီဂျစ်တယ်ငွေပေးချေမှုများကိုအသုံးပြုနိုင်ရေးအတွက် ပမာဏကြီးမားသော ငွေပေးချေမှုများ အတွက် CBM-NET System RTGS စနစ်၊ ပမာဏသေးငယ်သောပေးချေမှုများအတွက် CBM-NET System ACH စနစ်အား အသုံးပြုဆောင်ရွက်ရန်၊ QR အသုံးပြုပေးချေမှုများ အတွက် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသည့် Digital Payment Switch နှင့် ချိတ်ဆက်ဆောင်ရွက်ရန်ဖြစ်ကြောင်း ဗဟိုဘဏ်က ဆိုသည်။

အစိုးရငွေပေးချေမှုများနှင့် ပုဂ္ဂလိကငွေပေးချေမှုများအတွက် လက်လီသုံးစွဲမှုများအား ဒီဂျစ်တယ်ငွေပေးချေမှုစနစ်အသုံးပြု၍ အဆင်ပြေစွာပေးချေနိုင်ရေးအတွက် ရည်ညွှန်းပါစာများ သတ်မှတ်ညွှန်ကြားထားသည့် လုပ်ငန်းဆောင်ရွက်မှုပမာဏသတ်မှတ်ချက်ကို ပြင်ဆင်ရာတွင်(က) လူပုဂ္ဂိုလ်အချင်းချင်းငွေပေးချေခြင်း(P2P)အတွက် လုပ်ငန်းဆောင်ရွက်မှုအား တစ်ကြိမ်လျှင်ကျပ် ၁၀ သိန်းနှင့် တစ်ရက်လျှင်အများဆုံး ကျပ်သိန်း ၅၀၊(ခ)လူပုဂ္ဂိုလ်မှ ရောင်းချသူသို့ငွေပေးချေခြင်း(P2M) ဆောင်ရွက်ရာတွင် ရွှေဆိုင်များ၊ အီလက်ထရွန်နစ်အရောင်းဆိုင်များ၊ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များ၊ ကျန်းမာရေးစောင့်ရှောက်မှုစင်တာများ ပါဝင်သော အုပ်စုအတွက် လုပ်ငန်းဆောင်ရွက်မှုပမာဏအား တစ်နေ့လျှင် အများဆုံး ကျပ်သိန်း ၁၀၀၊(ဂ)မိုဘိုင်းငွေကြေးစာရင်းများ၏ အမြင့်ဆုံးလက်ကျန်ပမာဏအား ကျပ်သိန်း ၁၀၀ အထိသာထားရန်နှင့် ကျပ်သိန်း ၁၀၀ ကျော်ပါက ဘဏ်စာရင်းနှင့်ချိတ်ဆက်၍ နေ့ စဉ်ဘဏ်စာရင်းသို့ ပြောင်းရွှေ့ရန်တို့ဖြစ်သည်။

ယင်းအပြင် ဗဟိုဘဏ်၏ညွှန်ကြားချက်တွင် ကျပ်သိန်း ၁၀၀ အထိ လူပုဂ္ဂိုလ်အချင်းချင်းငွေပေးချေခြင်း (P2P) နှင့် အစိုးရငွေပေး ချေမှုများအတွက် Mobile Banking အသုံးပြု၍ ဆောင်ရွက်ခြင်းကို CBM- NET ACH Function ဖြင့်ချိတ်ဆက်ဆောင်ရွက်ရန်၊ ကျပ်သိန်း ၁၀၀ နှင့်အထက်ပေးချေမှုများ CBM-NET System B2B Function ဖြင့် ဆောင်ရွက်ရန်၊ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများမှ CBM-NET (ACH Function) ကို ၂၄/၇ အသုံးပြုနိုင်စေရန်အတွက် Debit Cap (ACH Allocation) တွင် ငွေလုံလောက်စွာရွှေ့ပြောင်းထားရန်လည်း ပါဝင်သည်။

ထို့အတူ Consumer Wallet အား အသုံးပြု၍ Merchant ကဲ့သို့ ရောင်း/ဝယ်မှုများဆောင်ရွက်ခြင်း (Person to Person) ပေးချေမှုကို အသုံးပြု၍ ကုန်ပစ္စည်းဝယ်ယူခြင်း၊ ရောင်းချခြင်း) မပြုလုပ်နိုင်စေရေးအတွက် စနစ်တကျစိစစ်ဆောင်ရွက်ရန်၊ ပေးချေမှုများတွင်အကြောင်းအရာ ဖော်ပြစေရန် နှင့် လုပ်ငန်းဆောင်ရွက်မှု အကြိမ်အရေအတွက်အား ကန့်သတ်ဆောင်ရွက်ရန်၊ Merchant  များအတွက် မှတ်ပုံတင်ရာတွင် အချက်အ လက်များ မှန်ကန်မှုရှိစေရေး သေချာစိစစ်ရန်နှင့် အမှန်တကယ် Merchant  ဖြစ်ကြောင်း ဘဏ်နှင့်မိုဘိုင်း ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများမှ အာမခံပေးရန်ဖြစ်ကြောင်းလည်း  ဗဟိုဘဏ်က ဘဏ်များ၊ ငွေရေး ကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကို ညွှန်ကြားထားသည်။

ဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် ဒီဂျစ်တယ်ငွေပေးချေမှုစနစ်ကို သုံးစွဲမည့် အများပြည်သူတို့စနစ်အပေါ် ယုံကြည်စွာဆောင်ရွက်စေရေးနှင့် အများပြည်သူများအား ငွေ ကြေးနစ်နာဆုံးရှုံးမှုများမှကာကွယ်နိုင်ရေးအတွက် ဆက်သွယ်ဆောင်ရွက်သူများအား ကောင်းစွာသိရှိနိုင်ရေးအတွက် KYC ရယူခြင်းအား   သြဂုတ် ၁၅ ရက်ရက်စွဲပါ ညွှန်ကြားချက်များနှင့်အညီ အချက်အလက်ပြည့်စုံရယူရန်နှင့် ငွေကြေးလွှဲပြောင်းဆောင်ရွက်ချက်များအတွက် ဆက်သွယ်ဆောင်ရွက်သူ များကိုအလေးထားစိစစ်ခြင်း(CDD)ဆိုင်ရာလုပ်ငန်းစဉ်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ရန် ဗဟိုဘဏ်ကဘဏ်များ၊ ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကို အသိပေးအကြောင်းကြားထားသည်။

အထက်ပါ ပြင်ဆင်ချက်များကို ၂၀၂၄ ခုနှစ် ဇွန်လ ၁၂  ရက်မှစ၍ တိကျစွာလိုက်နာရန်နှင့် လိုက်နာရန်ပျက်ကွက်မှုရှိပါက ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ၊ ပုဒ်မ ၁၅၄ အရ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်မှုပြုလုပ်မည်ဖြစ်ကြောင်း ဘဏ်များ၊ ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများသို့ ညွှန်ကြားချက်တွင် ဖော်ပြထားသည်ကိုတွေ့ရသည်။

Most Read

Most Recent