■ အမှုနှင့်ပတ်သက်၍ ထိုက်သင့်သည့်ပြစ်ဒဏ်များချမှတ်ပေးရန် မိသားစုဝင်များပြောကြား
ပဲခူးတိုင်း ကဝမြို့နယ် ရွှေဘုံသာကျေးရွာတွင် ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင်လူသတ်မှုတွင် ကျူးလွန်သူဟု ယူဆရသူ ငါးဦးကို ဖမ်းဆီးစစ်ဆေးနေပြီး အမှုနှင့်ပတ်သက်၍ ထိုက်သင့်သည့်ပြစ်ဒဏ်များ ချမှတ်ပေးရန် မိသားစုဝင်များက ပြောကြားသည်။
လူသတ်မှုမှာ ပြီးခဲ့သည့် ဇွန် ၁ ရက်က ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် သင်ဘန်းကန်ကျေးရွာအုပ်စု ရွှေဘုံသာ ကျေးရွာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်ကို နှစ်ရက်ကြာပြီးမှသာ ဆွေမျိုးသားချင်းများက သိရှိခဲ့ခြင်းဖြစ်သည်။
အသတ်ခံရသူများမှာ ၁၁ နှစ်အရွယ် ငါးတန်းကျောင်းသား မောင်ကျော်ထက်စိုး၊ ကိုးနှစ်အရွယ် သုံးတန်းကျောင်းသူ မမြတ်စုအောင်၊ ၅၇ နှစ်အရွယ်ရှိ ဒေါ်လက်ချ်မီး၊ မောင်ကျော်ထက်စိုးနှင့် မမြတ်စုအောင်တို့၏ အမေဖြစ်သူ ၃၅ နှစ်အရွယ် ဒေါ်အလုံးမ(ခ) ဝကြီးတို့ဖြစ်ကြောင်း၊ ယင်းတို့အနက် လေးနှစ်အရွယ်သာ ရှိသေးသည့် ခင်စံပယ်ဦး(ခ) မိငယ်လေးကို ကျူးလွန်သူများက သေပြီဟု ထင်မှတ်ကာ ထားခဲ့ကြောင်း သိရသည်။
“ကျွန်မတို့ကရွာထဲမှာနေတာ။ သူတို့ကကွင်းထဲနေတာ။ ပထမနေ့က ကျွန်မအိမ်ထောင်စုဇယား လုပ်ဖို့ဆိုပြီး ကျောင်းဆရာဆီကိုသွားတာ ။ ကျောင်းဆရာဆီရောက်တော့ သူကမေးတယ်။ မဗေဒါတဲ့ ကျော်ထက်စိုးတို့ မနေ့ကတော့ ကျောင်းလာတက်တယ်။ ဒီနေ့တော့ လာမတက်ဘူးတဲ့။ ဆရာရယ်သူတို့ ကျန်းမာရေးများမကောင်းလို့လား ခါတိုင်းလည်းလာနေတာပဲဆိုပြီး ပြောပြီးနေလိုက်တယ်။ အဲဒါနဲ့ အရှေ့ကွင်းထဲကို အကြွေးတောင်းဖို့သွားလိုက်တယ်။ ပြန်လာတော့ ဒီနေ့တော့မရောက်ဖြစ်ဘူး မနက်ဖြန် တော့သွားကြည့်ပေးမယ်လို့ ဆရာ့ကိုပြောခဲ့လိုက်တယ်။ ပြန်သွားတော့ နောက်မနက်ကျတော့ သူတို့တဲ အနီးနားကပဲ ကလေးမလေးက သူတို့တဲမှာ နွားတွေက မနေ့ကတည်းက အစာလည်းမစားရဘူးပေါ့။ တဲကို တချက်လောက်သွားကြည့်ပါပေါ့။ သားဖွားဆရာမတစ်ယောက်က သူနဲ့တော်တော်ခင်တယ်။ အဖွားကြီးကပေါ့။ ဖုန်းလည်းမကိုင်ဘူးတဲ့။ တချက်လောက် သွားကြည့်ပေးပါပေါ့။ အဲဒါနဲ့သွားတော့ ကလေးက ရေကပြင်မှာ ဒဏ်ရာတွေနဲ့လူးလှိမ့်နေတာ။ ကျွန်မလည်းပူထူပြီးတော့ တဲတွေကိုလှမ်းအော်တာပေါ့။ ကျွန်မလည်းကလေး ပွေ့ချီလိုက်တယ်။ တဲပေါ်ရောက်တော့ ရုပ်ပျက်ဆင်းပျက်။ အဲဒါနဲ့ ဒေါ်ကြီးမကိုင်နဲ့မကိုင်နဲ့တဲ့။ ဒါကလူသတ်မှု တဲ့။ ကလေးကိုဆေးရုံအမြန်ပို့တဲ့။ ရဲကိုဖုန်းဆက်ထားပေးမယ်တဲ့။ ကလေးက သတိရတချက် မရတချက်ဖြစ်နေတာ။ ရေပဲတောင်းသောက်နေတာ။ ရေအိုးတွေလည်းရိုက်ခွဲထားတယ်” ဟု မိသားစုဝင်တစ်ဦးက ပြောကြားသည်။
အသတ်ခံရသည့် မိသားစုဝင်များ၏ ဖခင်မှာ မလေးရှားတွင် အလုပ်သွားရောက်လုပ်ကိုင်နေခြင်းဖြစ်ပြီး သတင်းကြားရသဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။
“ကျွန်တော်ပြန်ဆင်းလာတဲ့အချိန် ကလေးကဆေးရုံမှာ။ ခွဲစိတ်ကုသထားရတယ်။ ခေါင်းအနောက် မှာတော့ သူတို့ရိုက်ထားတာ။ ကလေးကိုသေပြီဆိုပြီးတော့ ပစ်ထားခဲ့တာ။ ဖြစ်တာကတော့ တစ်မိသားစုလုံး။ ကျန်တဲ့မိသားစုဝင်တွေက ဓားခုတ်ရာတွေ၊ ထုထားထောင်းထားတာတွေ။ ကလေးဆိုရင် မျက်စိတွေက ထွက်ကျနေတာ။ အမျိုးသမီးကျတော့ အကျႌတွေက အစမရှိတော့ဘူး။ ဆုံးတာ လေးယောက်” ဟု အသတ်ခံရသည့် ကလေးငယ်နှစ်ဦး၏ ဖခင်ဖြစ်သူက ပြောကြားသည်။
ဖြစ်စဉ်တွင် နေအိမ်ရှိ ရွှေ လေးကျပ်သားနှင့် ပိုက်ဆံကျပ်သိန်း ၁၀၀ ပါရှိသွားကြောင်း၊ ကျူးလွန်သူဟု ယူဆရသူများမှာ တစ်ရွာတည်းတွင် နေထိုင်သူများဖြစ်ကြောင်း၊ ၄င်းတို့ကို ဇွန် ၃ ရက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
“တရားခံကို ၃ ရက်နေ့ကတည်းက ဖမ်းလာတာ။ ၅ ယောက်ပေါ့။ သူတို့ကထွက်မပြေးဘူး။ တရားခံ တွေက ရွှေဘုံသာ ကျေးရွာကပဲ။ အခင်းဖြစ်တဲ့ပစ္စည်းတွေက ပြန်မရသေးဘူး။ သူတို့ကလည်း ကြွေးတွေမြီး တွေပေးစရာရှိလို့ လုပ်တာ” ဟု မိသားစုဝင်တစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျူးလွန်သူများကို ထိုက်သင့်သည့်ပြစ်ဒဏ်ချမှတ်စေလိုသည်ဟု မိသားစုဝင်များက ပြောကြားသည်။
“ကလေးတွေကျတော့ သူတို့ကိုမှတ်မိတယ်လေ။ အဲဒါကြောင့် အကုန်လက်စ ဖျောက်သွားတာ။ ဒီအမှု ကို ပေါ့ပေါ့တန်တန်မလုပ်ပဲ ထိထိမိမိလုပ်ပေးစေချင်တာပေါ့။ အဲဒီလူတွေကို လေးလေးပင်ပင် အရေးယူစေချင်တယ်” ဟု မိသားစုဝင်တစ်ဦးက ပြောကြားသည်။
အသတ်ခံရသည့် မိသားစုဝင် လေးဦး၏ရုပ်အလောင်းများအား ဇွန် ၄ ရက်က ရွှေဘုံသာကျေးရွာရှိ သုဿာန်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း၊ ဖြစ်စဉ်မှ အသက်မသေဘဲ ကျန်ရှိနေသည့် လေးနှစ်အရွယ် ကလေးငယ်မှာ မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် ကုသမှုခံယူရလျက်ရှိကြောင်း သိရသည်။















