စားအုန်းဆီများကို လက်ကားရည်ညွှန်းဈေးကိုအခြေခံ၍ အကျိုးအမြတ်ထည့်သွင်းထားခြင်းမရှိသောဈေးဖြင့် တစ်အိမ်ထောင်လျှင် နှစ်ပိဿာ အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချမည်

စားအုန်းဆီများကို လက်ကားရည်ညွှန်းဈေးကိုအခြေခံ၍ အကျိုးအမြတ်ထည့်သွင်းထားခြင်းမရှိသောဈေးဖြင့် တစ်အိမ်ထောင်လျှင် နှစ်ပိဿာ အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချမည်
Published 30 July 2024

ရန်ကုန်တိုင်းအတွင်း အိမ်ထောင်တစ်စုလျှင် တစ်လအတွက် စားအုန်းဆီနှစ်ပိဿာကို လက်ကားရည်ညွှန်းစျေးကို အခြေခံ၍ အကျိုးအမြတ်ထည့်သွင်းထားခြင်းမရှိပဲ ဘူးခွံဖိုးနှင့် ဘူးသွတ်ခကို ထည့်သွင်းတွက်ချက်ထားသည့် စျေးနှုန်းဖြင့် အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက်ဖြန့်ဖြူးရောင်းချရေးကော်မတီမှ ၂၀၂၄ခုနှစ် ဇူလိုင် ၃၀ ရက်က ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်တွင် စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုအောက်တွင် စားအုန်းဆီတင်သွင်းသော ကုမ္ပဏီများက လက်လီ/လက်ကားအရောင်းဆိုင်များမှတစ်ဆင့် လုပ်သားပြည်သူများသို့ နေ့စဉ်၊ လစဉ် စားအုန်းဆီ များဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ဖြန့်ဖြူးလျက်ရှိသော်လည်း အရောင်းဆိုင်များသို့ သွားရောက်ဝယ်ယူရန် အခက်အခဲရှိသော အိမ်ထောင်စုများအနေဖြင့် စားအုန်းဆီများကို မိသားစုတစ်စု တစ်လစာ ဝယ်ယူနိုင်ရန်၊ လျင်မြန်လွယ်ကူစွာဖြင့် အိမ်အရောက် ဝယ်ယူနိုင်စေရန် ရည်ရွယ်ပြီး အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက် တစ်ကြိမ်လျှင် နှစ်ပိဿာနှုန်းဖြင့် ဝယ်ယူနိုင်ရေးကို ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက်ဖြန့်ဖြူးရောင်းချရေး ကော်မတီမှ စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ယင်းဝယ်ယူနိုင်ရန်အတွက် Call Center ဖွင့်လှစ်၍ မှာကြားချက်များကို မှာကြားနိုင်ရန် လက်ခံမှတ် သားသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇူလိုင် ၃၁ ရက်မှစ၍ နံနက် ၉ နာရီမှ ညနေ ၃နာရီ ၃ဝမိနစ်အတွင်း တနင်္ဂနွေနေ့နှင့် အစိုးရ ရုံးပိတ်ရက်များမှအပ တနင်္လာနေ့မှ စနေနေ့အထိ Call Center ဖုန်းနံပါတ်-၀၁ -၂၃၉၉၂၂၂  (လိုင်းခွဲ - ရလိုင်း) ဖုန်းနံပါတ်သို့ မှာကြားနိုင်ကြောင်း သိရသည်။

စျေးနှုန်းအနေဖြင့် တနင်္လာနေ့တိုင်း သတင်းစာများတွင် ထုတ်ပြန်သည့် လက်ကားရည်ညွှန်းစျေးနှုန်းကိုအခြေခံ၍ အကျိုးအမြတ်ထည့်သွင်းထားခြင်းမရှိပဲ ဘူးခွံဖိုးနှင့် ဘူးသွတ်ခကို ထည့်သွင်းတွက်ချက်ထားသည့် စျေးနှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်းပါသည်။ Delivery ခကို မှာကြားသည့် ဝယ်သူဖက်မှပေးချေရမည်ဖြစ်ကြောင်း၊ ပစ္စည်းရောက်ငွေချေစနစ်ဖြင့်သာ ရောင်းချသွားမည်ဖြစ်ကြောင်း၊ ဆီဖိုးကို ကြိုတင်ပေးချေရန်မလိုကြောင်းနှင့် မှာကြားရက်နှင့် ပစ္စည်းရောက်မည့်ရက်မှာ သုံးရက်ခန့် ကွာခြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက်ဖြန့်ဖြူး ရောင်းချရေးကော်မတီမှ ထုတ်ပြန်ထားသည်။

Most Read

Most Recent