ရှမ်းပြည်နယ် မြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံအနှံ့အပြား၌ ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကို တွေ့ဆုံဆွေးနွေး၍ ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းကြရန်နှင့် UWSA အနေဖြင့် မည်သည့်အဖွဲ့အစည်း၏ စစ်ရေးပဋိပက္ခတွင်မျှ ပါဝင်ပတ်သက်မည်မဟုတ်ကြောင်း “ဝ” အဖွဲ့ ထုတ်ပြန်

ရှမ်းပြည်နယ် မြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံအနှံ့အပြား၌ ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကို တွေ့ဆုံဆွေးနွေး၍ ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းကြရန်နှင့် UWSA အနေဖြင့် မည်သည့်အဖွဲ့အစည်း၏ စစ်ရေးပဋိပက္ခတွင်မျှ ပါဝင်ပတ်သက်မည်မဟုတ်ကြောင်း “ဝ” အဖွဲ့ ထုတ်ပြန်
Published 30 July 2024

ရှမ်းပြည်နယ် မြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံအနှံ့အပြား၌ ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကို တွေ့ဆုံဆွေးနွေး၍ ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းကြရန်နှင့် UWSA အနေဖြင့် မည်သည့်အဖွဲ့အစည်း၏ စစ်ရေးပဋိပက္ခများတွင် ပါဝင်ပတ်သက်မည်မဟုတ်ကြောင်း “၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီက ဇူလှိုင် ၂၉ ရက်တွင် ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်ပွားသည့် အချိန်မှစ၍ “၀” ပြည်အနေဖြင့် မိမိ၏ သမိုင်းအတွေ့အကြုံနှင့် သင်ခန်းစာကို ယူပြီး “၀” ပြည်နယ်ရှိ တိုင်းရင်းသားပေါင်းစုံတို့၏ အကျိုးစီးပွားကို စဉ်းစား၍ မည်သည့်အဖွဲ့အစည်း၏ စစ်ရေးပဋိပက္ခများတွင် ပါဝင်ပတ်သက်မှု မပြုလုပ်ခြင်းနှင့် စစ်မီးမမွေးခြင်းဆိုသည့် ဘက်မလိုက်မူဝါဒကို ဆုံးဖြတ်အတည်ပြုခဲ့ကြောင်း၊ ထိုရပ်တည်ချက်သည် အချိန်ကာလနှင့် အခြေအနေအမျိုးမျိုးကြောင့် ပြောင်းလဲသွားမည် မဟုတ်ကြောင်း၊ ယင်းမူဝါဒမှာ “၀” ပြည်နယ် တိုင်းရင်းသားပေါင်းစုံတို့၏ အကျိုးနှင့် ကိုက်ညီသည့်အပြင် မြန်မာနိုင်ငံတိုင်းရင်းသားပေါင်းစုံတို့၏ အကျိုးနှင့်လည်း ကိုက်ညီကြောင်း "၀" အဖွဲ့က ထုတ်ပြန်သည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် စစ်ရေးပဋိပက္ခကြောင့် နိုင်ငံတော်တစ်ခုလုံး ပြိုကွဲမည့်အနေအထားသို့ ရောက်ရှိနေပြီး စီးပွားရေးကပ်ဆိုက်ခြင်း၊ ထုတ်လုပ်မှုရပ်ဆိုင်းခြင်း၊ ကုန်သွယ်မှုရပ်တန့်ခြင်းနှင့် လုပ်ငန်းများအသီးသီး ဆိုးရွားစွာထိခိုက်ပျက်စီးခြင်းတို့ကြောင့် ပြည်သူလူထု၏ နေထိုင်မှုဘဝသည် မျှော်လင့်ချက်ကင်းမဲ့သည့် အခြေအနေသို့ ရောက်ရှိသွားကြောင်း "၀" အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်းရင်းသားပြည်သူလူထုများမှ တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ရန်မျှော်လင့်ပြီး စီးပွားရေးပြန်လည်ကောင်းမွန်လာခြင်းနှင့် နေထိုင်မှုဘဝပုံမှန်လည်ပတ်လာစေလိုသည့် ဆန္ဒများ ပိုမိုပြင်းပြနေကြောင်း၊ စစ်ရေးပဋိပက္ခများဆက်လက်ဖြစ်ပွားနေပါက မြန်မာနိုင်ငံအတွက် စစ်ရေးပဋိပက္ခထက် ပိုမိုရှည်ကြာသော ကုသရန်ခက်ခဲသည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ပဋိပက္ခဖြစ်ပွားနေသော အဖွဲအစည်းများအနေဖြင့် တစ်ဖက်တွင် ပြည်သူလူထုကို ကိုယ်စားပြုကြေညာပြီး အခြားတစ်ဘက်တွင် ပြည်သူလူထုတို့၏ လိုလားတောင့်တသော ငြိမ်းချမ်းရေးကို လုံးဝမျက်ကွယ်ပြုခြင်း မလုပ်ရကြောင်း၊ အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ အကျိုးရှုထောင့် တစ်ခုပေါ်သာရပ်တည်ပြီး ပြည်သူလူထု၏အကျိုးစီးပွားကို လျစ်လျူရှုခြင်းမျိုး ပြုလုပ်၍မရကြောင်း "၀" အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံနေရာအနှံ့တွင် ပဋိပက္ခဖြစ်ပွားသော အဖွဲ့အစည်းများအနေဖြင့် အပြင်းအထန်ထိခိုက်သွားသော ပြည်သူတို့၏ စီးပွားရေးကို ပြန်လည်နလန်ထူစေရန်နှင့် နေရပ်စွန့်ခွာသွားသော ပြည်သူလူထုအနေဖြင့် လုံခြုံရေးအာမခံချက်ရှိစွာ နေရပ်သို့ပြန်ရောက်စေရန်အတွက် ပြဿနာများကို တွေ့ဆုံဆွေးနွေးမှုအပါအဝင် ငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းသွားကြရန် အလေးအနက်တိုက်တွန်းကြောင်း "၀" အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဝ” ပြည်နယ်အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် မိမိ၏ အင်အားဖြင့် ဆက်လက်ကြိုးပမ်းစွမ်းဆောင် သွားမည်ဖြစ်ကြောင်းလည်း "၀" အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent