တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးအား ဂုဏ်ပြုခြင်းနှင့် တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရဟုဆိုကာ MNDAA အဖွဲ့က ဇူလိုင်လကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားသော်လည်း လားရှိုးမြို့တွင်းသို့ ဝင်ရောက်တိုက်ခိုက်မှုများနှင့် ရှော့တိုက်ဒုံးများဖြင့် နေ့စဉ်ပစ်ခတ်မှုများရှိ‌နေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးအား ဂုဏ်ပြုခြင်းနှင့် တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရဟုဆိုကာ MNDAA အဖွဲ့က ဇူလိုင်လကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားသော်လည်း လားရှိုးမြို့တွင်းသို့ ဝင်ရောက်တိုက်ခိုက်မှုများနှင့် ရှော့တိုက်ဒုံးများဖြင့် နေ့စဉ်ပစ်ခတ်မှုများရှိ‌နေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ
■ တိုက်ပွဲများ ဖြစ်ပွားနေသည့် လားရှိုးမြို့ကို တွေ့ရစဉ်
■ တိုက်ပွဲများ ဖြစ်ပွားနေသည့် လားရှိုးမြို့ကို တွေ့ရစဉ်
Published 21 July 2024

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးအား ဂုဏ်ပြုခြင်းနှင့် တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရဟုဆိုကာ MNDAA အဖွဲ့က ဇူလိုင်လကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားသော်လည်း လားရှိုးမြို့တွင်းသို့ ဝင်ရောက်တိုက်ခိုက်မှုများနှင့် ရှော့တိုက်ဒုံးများဖြင့် နေ့စဉ်ပစ်ခတ်မှုများရှိ‌နေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ 

မြောက်ပိုင်းသုံးဖွဲ့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က စတင်၍ ၁၀၂၇ စစ်ဆင်ရေး အမည်ပေးထားသည့် စစ်ဆင်ရေးကို ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လုံခြုံရေး စခန်းများကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြီးငယ်များ ဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံက ရှမ်းမြောက် တိုက်ပွဲများအား နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်နှင့် အမြန်ဆုံးအပစ်အခတ်ရပ်စဲပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းခဲ့ပြီးနောက် ၎င်းတို့၏ကြားဝင်ဆောင်ရွက်မှုဖြင့် နစက၏ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့သည် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ၂၀၂၄ ဇန်နဝါရီလအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ခြင်း ဖြစ်သည်။ 

သို့သော်လည်း ဇွန်လကုန်ပိုင်းတွင် ၁၀၂၇ စစ်ဆင်‌ရေး ဒုတိယပိုင်း ပြန်စသည်ဟု ဆိုကာ MNDAA အဖွဲ့က လားရှိုးမြို့ အနီးတဝိုက်တွင်လည်းကောင်း TNLA အဖွဲ့က မိုးကုတ်၊ နောင်ချို၊ သီပေါ တစ်ဝိုက်တွင်လည်းကောင်း၊ TNLA နှင့်ပူးပေါင်းထားသည့် MDY PDF က မတ္တရာ-စဉ့်ကူးတွင်လည်းကောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး တပ်မတော်နှင့် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ 

MNDAA အဖွဲ့သည် လားရှိုးမြို့တစ်ဝိုက်ရှိ လုံခြုံရေးစခန်းများကို  ဇူလိုင် ၃ ရက်က စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး လားရှိုးမြို့တွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုများဆက်တိုက်ပြုလုပ်ကာ လားရှိုးမြို့အပြင်ရှိ တပ်မတော်၏ အဓိကပင်မတပ်ရင်းတစ်ခုဖြစ်သော ခမရ (၅၀၇) အား ဝင်ရောက်သိမ်းပိုက်ရာ၌ ခေတ္တရရှိခဲ့ပြီး နောက်ပိုင်းတွင် တပ်မတော်က ခမရ (၅၀၇) အား ပြန်လည်ရယူခဲ့ပြီး ယင်းနေရာတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားဆဲ ဖြစ်သည်။ 

ထို့အတူ MNDAA  အဖွဲ့သည် လားရှိုးမြို့အနီးရှိ ခလရ (၄၁) တပ်ရင်းကိုလည်း ယမန်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့‌ကြောင်း သိရပြီး လားရှိုးမြို့အဝင်နားတွင် တိုက်ပွဲများဖြစ်ပွားခဲ့ကာ မြို့တွင်းရှိ စစ်ဘက်နှင့်မဆိုင်သော နေရာ အဆောက်အအုံများကိုပါ ၎င်းတို့က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ MNDAA အဖွဲ့က လားရှိုးမြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခြင်းနှင့် လုံခြုံရေးစခန်းများကို အပြင်းအထန်တိုက်ခိုက်နေချိန်တွင် တပ်မတော်က MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့သို့ ဇူလိုင် ၁၄ ရက် နံနက် ၂ နာရီခန့်က ဗုံးကြဲတိုက်ခိုက်ပြီးနောက် တရုတ်နိုင်ငံ၏ စိုးရိမ်မှုအပေါ်လေးစားခြင်းအားဖြင့်ဟုဆိုကာ MNDAA က လေးရက်တာ အပစ်ရပ်မည်ဖြစ်ကြောင်း ဇူလိုင် ၁၄ ရက်တွင် ထုတ်ပြန်လာသည်။

MNDAA အဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး ကျင်းပမည့် လေးရက်တာကာလတွင် အစည်းအဝေးအား ဂုဏ်ပြုခြင်းနှင့် စိုးရိမ်မှုအပေါ်လေးစားခြင်းအားဖြင့် MNDAA ၏ ထိုးစစ်ကို ဇူလိုင် ၁၄ ရက် ည ၁၂ နာရီမှ ဇူလိုင် ၁၈ ရက် ည ၁၂ နာအထိ ယာယီရပ်နားကြောင်းထုတ်ပြန်ခဲ့သော်လည်း ဇူလိုင် ၁၈ ရက်အထိ လားရှိုးမြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ဆက်လက်ပစ်ခတ်ခဲ့ပြီး ရှော့တိုက်ဒုံးနှင့် လက်နက်ကြီး ရာဂဏန်းခန့် ကျရောက်ခဲ့သဖြင့် ဒေသခံပြည်သူများ ‌ထိခိုက်ဒဏ်ရာရရှိမှုနှင့်အတူ လူနေအဆောက်အအုံများလည်း ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။ 

ထို့နောက် တပ်မတော်က MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံ၏ ချက်ချင်းအပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲများရပ်တန့်ရေး တောင်းဆိုချက်ကို တက်ကြွစွာ တုံ့ပြန်ရန်အတွက်ဟုဆိုကာ စစ်ရေးကော်မရှင်သည် ဇူလိုင် ၁၉ ရက်မှ ၃၁ ရက်နေ့အထိ လက်ရှိရောက်ရှိနေရာများတွင် ဆက်လက်ခံစစ်ဆင်ရန်နှင့် မိမိဘက်မှ စတင်ထိုးစစ်ဆင်ခြင်းများ ရပ်တန့်ရန်နှင့် လေကြောင်းရန် ကာကွယ်ရေး အစီအမံများကိုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုးစစ်ဆင်မှုရပ်တန့်သည့်ကာလတွင် စစ်ဘေးဒုက္ခသည်များ ကယ်ဆယ်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း MNDAA အဖွဲ့က ထပ်မံထုတ်ပြန်ခဲ့သည်။ 

MNDAA အနေဖြင့် လေကြောင်းရန် ကာကွယ်ရေး အစီအမံများကိုဆောင်ရွက်မည်ဟု ထုတ်ပြန်ထားသော်လည်း မည်သို့ခုခံမှုမျိုး လုပ်ဆောင်မည်ကို တိတိကျကျ ဖော်ပြထားခြင်း မရှိပေ။ သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့တွင် တရုတ်နိုင်ငံက ထုတ်လုပ်သည့် FN 6 ကဲ့သို့ လေယာဉ်ပစ် ပခုံးထမ်းလောင်ချာများ ရှိသည်ဟု သတင်းများလည်း ထွက်ပေါ်ခဲ့ဖူးသည်။  

အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံရေးသုတေသီတစ်ဦးက "ပထမတစ်ခုကတော့ ကျွန်တော် သိထားသလောက်က တရုတ်က လေယာဉ်ပစ်စက်သေနတ်အကြီးအထိကတော့ အဲဒါ မှောင်ခိုဝယ်လို့ ရတယ်။ ၁၂ ဒသမ ၇ မီလီမီတာ ခေါ်တာပေါ့။ တိုင်းရင်းသားလက်နက်ကိုင်တွေဆီမှာလည်း ရှိတယ်။ အဲဒီအထိကတော့ အလွယ်တကူ မှောင်ခိုစျေးကွက်မှာ ဝယ်လို့ရတယ်။ ဒါပေမဲ့ FN 6 အပါအဝင် Anti-aircraft အားလုံးက နိုင်ငံတော်ကောင်စီရဲ့ ခွင့်ပြုချက် လိုတယ်။ ဥပမာ ဆိုပါတော့ မြန်မာပြည်မှာ ရောက်နေတဲ့ တချို့ဟာတွေကလည်း ကျွန်တော်တို့ ကြားတာတော့ လာအိုကို သူက လွှဲလိုက်တယ်။ လာအိုကတစ်ဆင့် မှောင်ခို ပြန်ထုတ်တယ်ပေါ့။ အဲလိုမျိုးတွေလည်း ကြားတယ်။ သူကတော့ နိုင်ငံတော် မူဝါဒပေါ်လစီအရကတော့ အဲဒါတွေကို မရောင်းဘူး။ တရားဝင်လည်း ပေးလို့မဖြစ်ဘူး။ ဒီအနေအထားရှိတယ်။ အဲတော့ MNDAA ရဲ့ လေကြောင်းရန် ပြင်ဆင်မှုဆိုတာက လေကြောင်းရန်ကို ကာကွယ်ဖို့ဆိုတာကတော့ ပထမတစ်ချက်ကတော့ သူတို့ ကတုတ်ကျင်းတူးရမှာပေါ့။ ကတုတ်ကျင်းထဲမှာ မြေဆွေးကျင်း တူးရမှာပေါ့။ လိုဏ်ဂူထည့်ရမှာပေါ့။ ဒါမျိုးတွေ အပါအဝင် လိုအပ်တာတွေ လုပ်ရမယ်။ နောက်တစ်ခုကတော့ ပွိုင့် ၅ တွေ တွဲပစ်တာပေါ့နော်။ လေယာဉ်ပစ် စက်သေနတ်တွေရော ပွိုင့် ၅ တွေရော ပစ်မှတ်တစ်ခုကို ၀ိုင်းပစ်တာမျိုးတွေ ဒီလိုနည်းလမ်းတွေလည်း ရှိမှာပေါ့။ အဲဒါမျိုးတွေ သူတို့က ပြင်ဆင်ထားဖို့ ပြောတာ နေမှာပါ။ တရုတ်နဲ့ မြန်မာ ဆက်ဆံရေးအပေါ်မှာ မူတည်ပြီးတော့ FN 6 သုံးဖို့ဆိုတာကတော့ အကန့်အသတ်တွေက အများကြီးရှိတယ်။ ပြီးတော့ အဲဒါတွေက ပေးလိုက်ပြန်ရင်လည်းပဲ ပြုပြင်ထိန်းသိမ်းဖို့က သာမန်အချိန်မှာ အဲကွန်းနဲ့ ထားရတာမျိုးတို့ ယမ်းယိုစိမ့်မှု စစ်တာမျိုးတို့ ခဲယမ်းဆိုင်ရာ ပြဿနာတွေကတော့ အများကြီးရှိတယ်။ လှောင်ဖို့က အဝတ်နဲ့ ပလတ်စတစ်တို့နဲ့ ပတ်ပြီး မြေကြီးထဲ မြှုပ်ထားလို့ ရတဲ့ကိစ္စမျိုးတော့ မဟုတ်ဘူး။ အဲဒါကြောင့် ကန့်သတ်ချက်တွေတော့ ရှိတယ်။ သို့သော် သတိတော့ ထားရမယ်လို့ ကျွန်တော် ပြောချင်ပါတယ်" ဟု သုံးသပ်ပြောကြားသည်။ 

ထို့ပြင် အပစ်အခတ်ရပ်စဲရေးကာလအတွင်း တပ်မတော်၏ တိုက်ခိုက်ခြင်းခံရပါက သက်ဆိုင်ရာတပ်ဖွဲ့များသည် အကန့်အသတ်ဖြင့် မိမိကိုယ်ကိုယ်ခုခံကာကွယ်သည့် တန်ပြန်တိုက်ခိုက်မှုများကို သင့်လျော်သလို လုပ်ဆောင်နိုင်ကြောင်း MNDAA အဖွဲ့က ထုတ်ပြန်သည်။ 

MNDAA အဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲကြောင်းကြေညာထားသည့် ဇူလိုင် ၁၈ ရက်၊ ၁၉ ရက်၊ ၂၀ ရက်၊ ၂၁ ရက်တို့တွင်လည်း လားရှိုးမြို့အတွင်း ရှော့တိုက်ဒုံးများဖြင့် အဆက်မပြတ်ပစ်ခတ်နေဆဲဖြစ်ကြောင်း သိရသည်။ 

MNDAA အဖွဲ့က လားရှိုးမြို့ထဲသို့ ရှော့တိုက်ဒုံးများ ပစ်ခတ်မှုကြောင့် ပြည်သူအများအပြား သေဆုံးဒဏ်ရာရရှိမှုများ ရှိနေပြီး အိုးအိမ်များစွာလည်း ထိခိုက်ပျက်စီးမှုများရှိနေကာ တိုက်ပွဲများကြောင့် မြို့ခံအများအပြားသည်  မြို့ကိုစွန့်ခွာ၍ စစ်ဘေးရှောင်နေရသည်။ 

"အပစ်အခတ်တွေသာ ရပ်နေကြတာ။ ရှော့တိုက်ဒုံးတွေက အကျမပြတ်ဘူး။ လားရှိုးမြို့ ခုည (ဇူလိုင် ၂၀ ရက်ည) ၉ နာရီ ၄၀ မိနစ်မှာ ရပ်ကွက် (၉) ထဲ ရှော့တိုက်ဒုံး လှမ်းပစ်တယ်။ အိမ်ပေါ် ခဲစတွေ လာစင်တယ်။ ဘယ်နား ထိခိုက်မှုရှိလည်းဆိုတာ အတိအကျ မသိရသေးဘူး။ လေယာဉ်သွားတဲ့ဘက်ကို ရှော့တိုက်ဒုံးနဲ့ ဆက်တိုက်ပစ်နေပုံရတယ်။ ဘယ်လိုဦးနှောက်လည်းတော့ မသိပေမဲ့ လူနေရပ်ကွက်ထဲလည်း ကျသွားတာကို ဂရုစိုက်ပုံ မပေါ်ဘူး။ ရပ်ကွက်ထဲကို ပေါ်ပေါ်တင်တင်ကြီး ပစ်လာတာမျိုးတွေ တွေ့နေရတယ်။ လိုင်းမရလို့သာ မတင်ဖြစ်တာ။ တချို့သူတွေ တင်ထားတဲ့ Video လေးတွေ တွေ့ပါတယ်။ ဓာတ်ဆီရောင်းတဲ့သူတွေများလာတာ တွေ့ရပေမဲ့ စျေးနှုန်းမြင့်နေတုန်းပါပဲ။ ဖုန်းလိုင်း MPT ရပါတယ်။ Mytel ဒီနေ့ (ဇူလိုင် ၂၀ ရက်) ပဲ ပြန်ရပါတယ်။ အိမ်စောင့်ထားခဲ့တဲ့သူများလည်း အဆက်အသွယ်လုပ်ကြပါ။ မနက်ပိုင်းတော့ လာကြည့်တယ်။ ခဏပေါ့။ ပြီးရင် ကိုယ့်အိမ်ကိုယ် ပြန်ကြတာပဲ။ သူခိုးပေါသလို အုပ်စုလိုက် လုယက်တာတွေလည်း ရှိလို့ ကိုယ့်အိမ်နဲ့ ပတ်ဝန်းကျင်အိမ်တွေကို တတ်နိုင်သလောက်လေး ရိုင်းပင်းစောင့်ရှောက်ကြပါ" ဟု လားရှိုးမြို့၏ လတ်တလောအခြေအနေကို ဒေသခံတစ်ဦးက လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားထားသည်။ 

ထို့အတူ လားရှိုးမြို့မှ ဒေသခံ ကိုမျိုးကလည်း "ဒီနေ့ (၂၁ ရက်) မနက် ၄ နာရီက စပြီး ၅၀၇ ကုန်းနဲ့ ၄၁ ကုန်းဘက်မှာ ပစ်ခတ်မှု ပြင်းထန်နေပါတယ်။ အသေး/အကြီး သံစုံတီးဝိုင်းထက်ကို ပိုပြီး အသံကျယ်ပါတယ်။ နေ့လယ် ၁၂ နာရီ ရပ်ကွက် (၁) ချယ်ရီမြိုင်ကို ကျော်ပြီး ရန်တိုင်းအောင် အနောက်ဘက်အထိ ပစ်ခတ်မှုတွေ ဖြစ်နေပါတယ်။ လူနေရပ်ကွက်ထဲ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲလို့ နားမခေါ်၊ ချယ်ရီမြိုင်နဲ့ နယ်မြေ (၈) ဘက်က အိမ်တွေအများစု ဘေးလွတ်ရာကို ရှောင်ကုန်ကြပါပြီ။ အထပ်မြင့် အဆောက်အဦတချို့မှာ လက်နက်ကိုင်တွေ ဝင်ရောက်လာလို့ အိမ်ရှင်တွေလည်း ရှောင်ပြေးနေရပါတယ်။ နားမခေါ်ဘက်က အထပ်မြင့် အဆောက်အအုံတွေကတော့ လက်နက်ကြီး ထိမှန်တာ များပါတယ်။ ကျွန်တော့်ဆီ လှမ်းလှူကြတဲ့ အလှူရှင်တွေရဲ့ အိမ်တွေလည်း ကျည်တွေထိမှန်ပြီး ပျက်စီးတာတွေ ရှိပါတယ်။ မနေ့ (၂၀ ရက်) က ဆန်တွေ ဆီတွေ လှူနေတုန်းမှာ ဆန်လာယူသူ စစ်ရှောင်တွေကို ဘယ်လိုထင်လဲ မသိပါ။ သေနတ်နဲ့ အချက် ၂၀ လောက် လှမ်းပစ်ပါတယ်။ စစ်ရှောင်တွေက အိမ်အုတ်တံတိုင်းနားကပ်ပြီးနေကြလို့ ကျည်တချို့ အုတ်တံတိုင်းကိုပဲ ထိမှန်သွားပါတယ်။ အဲ့ဒီအဖွဲ့ကို ပေးလှူပြီးတာနဲ့ အိမ်တံခါးမြန်မြန်ပိတ်ပြီး အိမ်က လူအကုန် ဘေးလွတ်ရာကို ပြေးရှောင်နေရပါတယ်။ ဒီနေ့ (၂၁ ရက်) မွန်းလွဲပိုင်းအထိ ပစ်နေကြတုန်းပါပဲ။ လေယာဉ်လာရင်တော့ ခဏငြိမ်သွားတာ တွေ့ရပါတယ်။ ဒီမနက် လားရှိုးမြို့ကနေ တခြားဒေသကို သွားမယ့်အဖွဲ့တွေ ထွက်မရပါဘူး။ ၄၁ ကုန်းနဲ့ နားမခေါ်ဘက် အပြန်အလှန်ပစ်နေကြလို့  အရဲစွန့်ပြီးသွားတဲ့ ကား/ဆိုင်ကယ်တွေ ပြန်လှည့်လာကြရပါတယ်။ အတင်းကျော်တက်မောင်းသွားကြတဲ့ ကား/ဆိုင်ကယ်တွေကို ပစ်ခတ်မှုဖြစ်နေလို့ သွားမရကြောင်း ကျွန်တော် အော်ပြောပါသေးတယ်။ တချို့လည်း ကျွန်တော်ပြောတာကို ခဏစောင့်ကြည့်ပြီး ဖြည်းဖြည်းချင်း မောင်းသွားကြတယ်။ သိပ်မကြာပါဘူး  အဲ့ဆိုင်ကယ်တွေ ကားတွေ အားလုံး ပြန်လှည့်ပြီး မြို့နယ်လဝက လမ်းအတိုင်း မောင်းပြေးလာကြပြီး နန်းညွန့်ထမင်းဆိုင်နား ရပ်ထားကြပါတယ်။ ဖုန်းလိုင်းတွေက မရတာများပါတယ်။ ရတဲ့အချိန်လေး ပြေးပြီး ပြောနေရပါတယ်။ အလှူရှင်စာရင်းများ ထပ်တိုးဖြည့်ရေးပေးပါမယ်။ နာမည်ကျန်ခဲ့တဲ့ အလှူရှင်များလဲ ကျနော့်ဆီ စာပို့ထားပေးကြပါ။ ဖုန်းလိုင်းတွေ မရလို့ ရှောင်သင့်တဲ့ ရပ်ကွက်ကအဖွဲ့တွေကို ဆက်သွယ်ချင်ပေမဲ့ အဆက်အသွယ်ပြတ်နေပါတယ်။ ရပ်ကွက် (၄) သစ်တောရုံး အနောက်ကုန်းဘက်လည်း အိမ်တွေ ပျက်စီးတာများပါတယ်။ အဲ့ဘက်က လူတွေလည်း ရှောင်ကုန်ကြပါပြီ"ဟု ၎င်း၏ လူမှုကွန်ရက်အကောင့်တွင် ရေးသားထားသည်။

ထို့ပြင် လားရှိုးမြို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ပရဟိတလူမှုအဖွဲ့အစည်းအများစုအနေဖြင့် လားရှိုးမြို့မှ ထွက်ခွာသွားပြီဖြစ်ကြောင်းလည်း ပရဟိတလူမှုအဖွဲ့အစည်းအချို့ထံမှ သိရသည်။ 

လားရှိုးမြို့အနီးတဝိုက်တွင် MNDAA ပူးပေါင်း အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများကြောင့် လားရှိုးဒေသခံများ ထိခိုက်နစ်နာမှုများ ရှိနေသလို TNLA အဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဖြင့် ကျောက်မဲ၊ နောင်ချိုမြို့များသို့ တိုက်ခိုက်မှုများကြောင့် ဒေသခံအများအပြား သေဆုံးကာ လူဦးရေ ထောင်သောင်းချီ၍ အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးစစ်ဆင်နေသည့်  မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၌ ကိုးကန့်အဖွဲ့ (MNDAA)၊ တအာင်းအဖွဲ့ (TNLA)နှင့် ရခိုင်အဖွဲ့ (AA) တို့ ပါဝင်သည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆ တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို သတ်မှတ်ပေးထားသည်။ ကိုးကန့်အဖွဲ့ (MNDAA) လှုပ်ရှားသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၁၄ လူဦးရေသန်းခေါင်စာရင်းအရ လူဦးရေ တစ်သိန်းကျော် (၁၂၃၇၃၃ ဦး) သာ ရှိသည်။ တအာင်းအဖွဲ့ (TNLA) လှုပ်ရှားနေသည့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၁၄ လူဦးသန်း ခေါင်စာရင်းအရ လူဦးရေ တစ်သိန်းကျော် (၁၁၀၈၀၅ ဦး) သာရှိသည်။ ထို့အတူ ရခိုင်အဖွဲ့ (AA) လှုပ်ရှားနေသည့် ရခိုင်ပြည်နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေသုံးသန်းကျော် (၃၁၈၈၈၀၇ ဦး) သာရှိကြောင်း တွေ့ရသည်။ 

မြန်မာနိုင်ငံတွင် ၂၀၁၄ လူဦးရေသန်းခေါင်စာရင်းအရ လူဦးရေ ၅၆ သန်းကျော်ရှိသည့်အနက် အခြားတိုင်းရင်းသားများကို ဖယ်လိုက်လျှင် ဗမာလူမျိုးသည် လူဦးရေစုစုပေါင်း၏ ရာခိုင်နှုန်း ၇၀ ခန့်ရှိပြီး လက်ရှိရှမ်းပြည်နယ် မြောက်ပိုင်း၌ စစ်ရေးဖော်ဆောင်နေသော မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ စုစုပေါင်းလူဦးရေမှာ ၃ ဒသမ ၂ သန်းကျော်သာရှိကြောင်း တွေ့ရှိသည်။ 

ထို့ကြောင့် မြန်မာနိုင်ငံတွင် ၂၀၁၄ လူဦးရေသန်းခေါင်စာရင်းအရ လူဦးရေ ၅၆ သန်းကျော်ရှိသည့်အတွက် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ လူဦးရေသည် တစ်နိုင်ငံလုံးလူဦးရေ၏ ငါးရာခိုင်နှုန်းနီးပါးသာ ရှိသည်ကို တွေ့ရသည်။

ထိုသို့ လူဦးရေနည်းပါးမှုကြောင့် MNDAA အဖွဲ့အနေဖြင့် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း မြို့အချို့အား သိမ်းပိုက်ပြီးနောက် တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် အပစ်အခတ်ရပ်စဲထားချိန်တွင် ၎င်းတို့သိမ်းပိုက်ထားသည့် မြို့များ၌ တစ်အိမ်တစ်ယောက် စစ်မှုထမ်းရန် အတင်းအကျပ် လူသစ်စုဆောင်းမှုများ ပြုလုပ်ခဲ့သည်။

ယခု MNDAA အဖွဲ့က ထပ်မံဖော်ဆောင်သည့် ၁၀၂၇ ခုနှစ် စစ်ဆင်ရေး ဒုတိယပိုင်းတွင် တိုက်ပွဲဧရိယာ ကျယ်ပြန့်သလို ၎င်းတို့ မူလက သိမ်းပိုက်ထားသည့် မြို့များတွင် လုံခြုံရေးပြုလုပ်ရန်အတွက် အင်အားအများအပြား လိုအပ်လျက်ရှိရာ လားရှိုးမြို့မှ စစ်ရှောင်သွားသည့် လူငယ်များကိုလည်း လမ်းခရီးတွင် ဖမ်းဆီး၍ လူသစ်စုဆောင်းမှုများအတင်းအကျပ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

MNDAA အဖွဲ့အနေဖြင့် လူသစ်စုဆောင်းမှုများတွင် အသက်မပြည့်သေးသည့် ကလေးစစ်သားများ ပါဝင်လျက်ရှိကြောင်း လူမှုကွန်ရက်တွင် ဓာတ်ပုံအချို့ ပျံ့နှံလျက်ရှိသလို အသက် ၆၅ နှစ်အရွယ်များအထိ စစ်မှုထမ်းရန် အတင်းအကျပ် လူသစ်စုဆောင်းလျက်ရှိကြောင်း သိရသည်။ 

အထူးသဖြင့် ၎င်းတို့အနေဖြင့် ကလေးစစ်သားအများအပြား အသုံးပြုလျက်ရှိနေသည်ကို လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသော ဓာတ်ပုံ၊ ရုပ်သံဖိုင်များအရ သိရပြီး ယင်းနှင့်ပတ်သက်၍မူ မီဒီယာများတွင် အကျယ်တဝံ့ရေးသားဖော်ပြကြသည်ကိုမတွေ့ရပေ။ 

ပျံ့နှံ့ထွက်ပေါ်လျက်ရှိသော သတင်းအချက်အလက်များအရ အချို့ကလေးစစ်သားများမှာ အသက် ၁၅ နှစ်အောက် ခန့်မှန်း အသက် ၁၂ နှစ်၊ ၁၃ နှစ်ခန့် အရွယ်များပင် ၎င်းတို့ထံတွင် စစ်မှုထမ်းနေကြရကြောင်းလည်း သိရသည်။ 

MNDAA အဖွဲ့အနေဖြင့် ၁၀၂၇ ပထမအကြိမ် စစ်ဆင်ရေးအတွင်း လောက်ကိုင်မြို့ကို သိမ်းယူပြီးနောက် လောက်ကိုင် ပွိုင့် ၂၂၀၂ တောင်ကုန်း (ဆင်ဦးကင်းကုန်း) ပေါ်ရှိ ဗုဒ္ဓဘာသာဝင်တို့၏ စေတီတစ်ဆူအား MNDAA အဖွဲ့ဝင်တစ်ဦးက တူဖြင့် ထုရိုက်ဖြိုဖျက်နေမှုပြုလုပ်ကာ ထိုသို့ပြုလုပ်နေပုံကိုလည်း အများမြင်စေရန် လူမှုကွန်ရက်တွင် ဖြန့်ချိခဲ့သည်။ 

ထို့ပြင် လောက်ကိုင်မြို့တွင် မြန်မာနိုင်ငံဒေသအသီးသီးမှ လာရောက်လုပ်ကိုင်သူ များနေထိုင်သည့် ဗမာတန်း အလယ်လမ်းရှိ အဆောက်အအုံများကို မြို့စည်ပင်သာယာရေးအေကြာင်း ပြချက်ဖြင့် MNDAA အဖွဲ့က ၂၀၂၄ ခုနှစ် မတ်လအတွင်းက ဖြိုဖျက်ခဲ့သည့် အဆိုပါဗမာတန်းဟုခေါ်သည့် ပေါင်ဖုန်းလမ်းရှိ နေအိမ်ဆိုင်ခန်းများမှာ ဗမာလူမျိုးပိုင် နေအိမ်ဆိုင်ခန်း အနည်းငယ်သာပါဝင်သော်လည်း ဗမာပစ္စည်းများကို အဓိကရောင်းချခြင်းသည့်နေရာလည်း ဖြစ်သည်။ 

MNDAA အဖွဲ့အနေဖြင့် လောက်ကိုင်မြို့သို့ ဗမာလူမျိုးများဝင်ရောက်မှုကို တင်းကျပ်ထားသည့်အပြင် ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ ကွမ်းလုံဒေသများတွင်လည်း ဗမာလူမျိုးယာဉ်မောင်းများ၏ သွားလာမှုကို တင်းကျပ်ထားကြောင်း သိရသည်။

လားရှိုးမြို့တွင် ဇူလိုင် ၂၁ ရက် နံနက် ၈ နာရီကတည်းက မြို့ဝင် ၄၁ ဘက်၌ လက်နက်ကြီး ပစ်ခတ်သံများနှင့် သေနတ်သံများ ကြားနေရပြီး မြို့အဝင်အထွက်ကို ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။ 

MNDAA နှင့်ပူးပေါင်းအဖွဲ့များအနေဖြင့် ရမခ စစ်တိုင်းဌာနချုပ်ရှိသည့် လားရှိုးမြို့ကို ဇူလိုင် ၃ ရက်က စတင်၍ တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တပ်မတော်၏ အဓိကစခန်းကုန်းများအား သိမ်းပိုက်နိုင်ခြင်းမရှိဘဲ မြို့ပြင်နှင့် မြို့အစပ်မှနေ၍ ရှေ့တိုက်ဒုံးများ လက်နက်ကြီးများဖြင့် မြို့အတွင်းသို့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံပ်ပြည်သူတို့၏ နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့်အပြင် အရပ်သားပြည်သူ ရာဂဏန်းခန့် ထိခိုက်ဒဏ်ရာရလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

Most Read

Most Recent