စက်မှုဇုန်များတွင် လျှပ်စစ်မီး ယခင်အတိုင်း တစ်ရက်လျှင် လေးနာရီပြန်ပေးနေပြီး ရပ်ကွက်များတွင် မူလအချိန်အတိုင်း လျှပ်စစ်မီးပြန်လည်ရရှိမည်

စက်မှုဇုန်များတွင် လျှပ်စစ်မီး ယခင်အတိုင်း တစ်ရက်လျှင် လေးနာရီပြန်ပေးနေပြီး ရပ်ကွက်များတွင် မူလအချိန်အတိုင်း လျှပ်စစ်မီးပြန်လည်ရရှိမည်
Published 3 June 2024

စက်မှုဇုန်များတွင် လျှပ်စစ်မီးယခင်အတိုင်း တစ်ရက်လျှင်လေးနာရီပြန်ပေးနေသဖြင့် ရပ်ကွက်များတွင် မူလအတိုင်းအချိန်အတိုင်းသာ လျှပ်စစ်မီးပြန်လည်ရရှိမည်ဖြစ်ကြောင်း သိရသည်။

“စက်မှုဇုန်တွေတော့ အရင်အတိုင်း ပြန်ပေးနေတယ်။ ဒီနေ့ မနက် ၉ နာရီကနေ နေ့လည် ၁ နာရီအထိရတယ်ဆိုရင် နောက်ရက်ကို နေ့လည် ၁ နာရီကနေ ၅ နာရီအထိရတယ်။ တစ်ရက်ကို လေးနာရီပေါ့။ ဒါကအရင်အတိုင်းပဲ”ဟု သာကေတမြို့နယ်စက်မှုဇုန်တွင်နေထိုင်သူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် မေ ၂၂ ရက်မှ စတင်ကာ ရန်ကုန်တိုင်းရှိ စက်မှုဇုန်များတွင် နံနက် ၅ နာရီမှ ၇ နာရီအထိသာ လျှပ်စစ်မီးရရှိခဲ့သဖြင့် စက်မှုဇုန်လုပ်ငန်းရှင်များမှာ အခက်အခဲတွေ့ခဲ့ရကြောင်း သိရသည်။

“အခု လေးနာရီပေးတာကလည်း အရင်အတိုင်းပဲပေါ့။ သိပ်တော့မထူးခြားဘူး။ မီးရတဲ့ အချိန်ပြတ်တာလည်း ရှိတတ်တော့ ဒီဇယ်ကဆောင်ထားရတာပဲလေ”ဟု စက်မှုလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်း၊ ဆည်များ၌ရေပြည့်ဝစွာမရရှိခြင်းတို့ကြောင့် လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်ကိုသာ ထုတ်လုပ်ပေးနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီးသို့ ၄၆ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးသို့ ၁၆ ရာခိုင်နှုန်းနှင့် ကျန်တိုင်းဒေသကြီး/ပြည်နယ်များသို့ ၃၈ ရာခိုင်နှုန်း ခွဲဝေဖြန့်ဖြူးပေးလျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်သည်။

လက်ရှိဓာတ်အားထုတ်လုပ်မှု၌ အပူစွမ်းအင်သုံးစက်ရုံများရှိ သဘာဝဓာတ်ငွေ့အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအချိုးသည် ရာခိုင်နှုန်း ၅၀ ခန့် ရှိသော်လည်း သဘာဝဓာတ်ငွေ့ရရှိနိုင်မှု လျော့နည်းလျက် ရှိသဖြင့် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ် အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားထုတ် လုပ်ပေးနိုင်မှုသည်လည်း ယခုကာလအတွင်း ၄၄၆ မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိပြီး စုစုပေါင်းစက်များ၏ တင်ဆင်အင်အားများမှရေအားနှင့်  သဘာဝဓာတ်ငွေ့သုံးစက်ရုံများ၏ထုတ်လုပ်မှုတွင် ၇၉၉ မဂ္ဂါဝပ်ခန့် အသားတင်လျော့နည်းထုတ်လုပ်ရလျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကျန်ရှိသော စက်တပ်ဆင်အင်အား ၆၃၈၅ ဒသမ ၄၆ မဂ္ဂါဝပ်မှ ထုတ်လုပ်၊ ဖြန့်ဖြူးနိုင်ရန် စီမံဆောင်ရွက်ရာတွင် ၂၀၂၃ ခုနှစ်မုတ်သုံရာသီ ၌ ပုံမှန်မိုးရွာသွန်းမှုအောက်၌ ဆက်လက်ရှိနေ၍ ဆည်များ၌ ရေပြည့်ဝစွာမရရှိခြင်း၊ ဓာတ်အားစနစ်အတွင်း တစ်နိုင်ငံလုံးကို ဓာတ်အားစဉ်ဆက်မပြတ် တည်​ငြိမ်စွာရရှိစေရန်အတွက် မိုးမကျမီကာလအတွင်းအထိ ဓာတ်အားပြတ်တောက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် နိုဝင်ဘာမှ ဇွန်လအထိ ယခင်သိုလှောင်ထားရှိသည့်ရေများကိုချိန်ညှိ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရခြင်း၊ သဘာဝ ဓာတ်ငွေ့ရရှိမှုတို့ကို ထိန်းညှိ၍ လုံလောက်စွာမရရှိသဖြင့် တပ်ဆင်ထားသောစက်များ၏ စက်စွမ်းအားပြည့် လည်ပတ်နိုင်မှုမရှိခြင်းစသည်တို့ကြောင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ ၂၈၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်ကိုသာ ထုတ်လုပ်ပေးလျက်ရှိကြောင်း လျှပ်စစ်စွမ်း အားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

Most Read

Most Recent