မြဝတီမြို့မှ ပျောက်ဆုံးနေသည့် မော်တော်ယာဉ်ဝယ်ရောင်းလုပ်ကိုင်သူ ဇနီးမောင်နှံကို မတွေ့ရှိသေး

မြဝတီမြို့မှ ပျောက်ဆုံးနေသည့် မော်တော်ယာဉ်ဝယ်ရောင်းလုပ်ကိုင်သူ ဇနီးမောင်နှံကို မတွေ့ရှိသေး
Published 17 July 2024

မြဝတီမြို့မှ ပျောက်ဆုံးနေသည့် မော်တော်ယာဉ်ဝယ်ရောင်းလုပ်ကိုင်သူ ဇနီးမောင်နှံကို မတွေ့ရှိသေးကြောင်း မိသားစုဝင်တစ်ဦးက ပြောကြားသည်။

“အခုထိ လိုက်နေတုန်းပါပဲ။ ကျန်တာက သတင်းအမှားတွေ တက်နေတာပါ” ဟု မိသားစုဝင်တစ်ဦးက ပြောကြားသည်။

လူမှုကွန်ရက်စာမျက်နှာများတွင် ပျောက်ဆုံးနေသည့် ဇနီးမောင်နှံနှစ်ဦးနှင့်ပတ်သက်ပြီး သတင်းအမှားများ တက်နေခြင်းဖြစ်ပြီး အသေးစိတ်ကို ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါပျောက်ဆုံးနေသည့် ဇနီးမောင်နှံနှစ်ဦးမှာ မြဝတီမြို့တွင် နေထိုင်ပြီး မော်တော်ယာဉ်ရောင်းဝယ်ခြင်း ပြုလုပ်ကြောင်း၊ ဇူလိုင် ၁၅ ရက်တွင် သားသမီးဖြစ်သူများကို ကျောင်းသို့ ပို့ဆောင်ခဲ့ပြီး စရံပေးဝယ်ယူထားသည့် မော်တော်ယာဉ်ကို ကော့ကရိတ်သို့ သွားရောက်ပို့ဆောင်ခဲ့ကြောင်း၊ ယောကျာ်းဖြစ်သူမှာ မော်တော်ယာဉ်ကို မောင်းနှင်ခဲ့ပြီး ဇနီးဖြစ်သူက မော်တော်ဆိုင်ကယ်ကို မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း၊ ညနေပိုင်း ကျောင်းဆင်းချိန်တွင် သားသမီးဖြစ်သူများ နေအိမ်သို့ ပြန်လည်ရောက်ရှိမှသာ ဇနီးမောင်နှံပျောက်ဆုံးနေသည်ကို မိသားစုဝင်များက သိရှိခြင်းဖြစ်ကြောင်း သိရသည်။

“ပျောက်သွားတာ တစ်နေ့ကပေါ့။ အခုချိန်ထိတော့ ပြန်မတွေ့သေးပါဘူး။ စုံစမ်းနေဆဲပဲ ရှိပါသေးတယ်” ဟု မိသားစုဝင်တစ်ဦးက ပြောကြားသည်။

Most Read

Most Recent