နှစ်နိုင်ငံဆက်ဆံရေး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီဟု သြစတြေးလျဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် တရုတ်ဝန်ကြီးချုပ် ပြောကြား

နှစ်နိုင်ငံဆက်ဆံရေး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီဟု သြစတြေးလျဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် တရုတ်ဝန်ကြီးချုပ် ပြောကြား
ဇွန် ၁၇ ရက်က ကင်ဘာရာမြို့ရှိ ပါလီမန်အဆောက်အအုံတွင် တရုတ်ဝန်ကြီးချုပ်လီချန်(ဝဲ)နှင့် သြစတြေးလျဝန်ကြီးချုပ် အန်သနီအယ်လ်ဘနိစ်(ယာ)တို့ လက်ဆွဲနှုတ်ဆက်နေစဉ်(Photo:AFP)
ဇွန် ၁၇ ရက်က ကင်ဘာရာမြို့ရှိ ပါလီမန်အဆောက်အအုံတွင် တရုတ်ဝန်ကြီးချုပ်လီချန်(ဝဲ)နှင့် သြစတြေးလျဝန်ကြီးချုပ် အန်သနီအယ်လ်ဘနိစ်(ယာ)တို့ လက်ဆွဲနှုတ်ဆက်နေစဉ်(Photo:AFP)
Published 17 June 2024

တရုတ်နှင့် သြစတြေးလျ ဆက်ဆံရေးတိုးတက်အောင် လုပ်ဆောင်နိုင်ပြီဟု တရုတ်က ဇွန် ၁၇ ရက်တွင် အမွှမ်းတင်ပြောဆိုခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးသည် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပြီဟုလည်း တရုတ်ကပြော ကြားခဲ့သည်။

ပစိဖိတ်ဒေသတွင် အပြိုင်အဆိုင် သြဇာလွှမ်းမိုးနိုင်ရန် ကြိုးပမ်းလျက်ရှိသော်လည်း ကုန်သွယ်ဖက် နိုင်ငံများဖြစ်သည့် တရုတ်နှင့် သြစတြေးလျသည် ခါးသီးသောစီးပွားရေးဆိုင်ရာ ပဋိပက္ခများကို သင်ပုန်းချေရန် ကြိုးပမ်းလျက်ရှိသည်။

ဝန်ကြီးချုပ်လီအား မြို့တော်ကင်ဘာရာရှိ ပါလီမန်အဆောက်အအုံတွင် တခမ်းတနား ကြိုဆိုခဲ့ပြီး ထို့နောက်တွင် လီနှင့် သြစတြေးလျဝန်ကြီးချုပ် အန်သနီ အယ်လ်ဘနိစ်တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။

အိမ်ရှင်သြစတြေးလျက ကုန်သွယ်ရေး၊ ဒေသတွင်းလုံခြုံရေးနှင့် တရုတ်တွင် သူလျှိုလုပ်မှုဖြင့် ဆိုင်းငံ့သေဒဏ်ချမှတ်ခံရသည့် သြစတြေးလျစာရေးဆရာ၏ အခြေအနေတို့နှင့်ပတ်သက်၍ အဓိကဆွေးနွေးခဲ့သည်။

၂၀၁၇ ခုနှစ် နောက်ပိုင်း သြစတြေးလျသို့ လာရောက်သော တရုတ်အစိုးရ၏ အဆင့်အမြင့်ဆုံး တာဝန်ရှိသူဖြစ်သည့် တရုတ်ဝန်ကြီးချုပ် လီချန်က မိမိ၏ သြစတြေးလျ ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်တိုးတက်ဖြစ်ထွန်းနေပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာခြင်းကို ပြသနေသည်ဟု  ပြောကြားခဲ့သည်။

လီက သံလွင်ခက်ကမ်းသည့် အပြုအမူအဖြစ် သြစတြေးလျ နိုင်ငံသားများကို တရုတ်နိုင်ငံသို့ ဗီဇာမလိုဘဲ အကန့်အသတ်ဖြင့် လာရောက်ခွင့်ပြုခဲ့သည်။

နှစ်နိုင်ငံ စစ်တပ်အချင်းချင်း ဆက်ဆံမှုများ တိုးမြှင့်ရန်နှင့် မကြာသေးမီက နိုင်ငံတကာ ရေပိုင်နက်ထဲတွင် ထိပ်တိုက်တွေ့မှုဖြစ်ပွားပြီးနောက် တင်းမာမှုများကို လျှော့ချရန်  သဘောတူညီခဲ့သည်ဟု သြစတြေးလျကပြော ကြားခဲ့သည်။

ချစ်ကြည်ရင်းနှီးသည့် အသွင်ဆောင်သော်လည်း ပစိဖိတ်ဒေသတွင် သံတမန်ရေးအားပြိုင်မှုနှင့် တရုတ်က သြစတြေးလျနိုင်ငံသား စာရေးဆရာတစ်ဦးကို ဆက်လက်ဖမ်းဆီးထားမှုနှင့်ပတ်သက်၍ သဘောထားကွဲ လွဲမှုများ ဆက်ရှိနေကြောင်း နှစ်ဖက်စလုံးက ဝန်ခံခဲ့သည်။

နှစ်နိုင်ငံအကြား မတူကွဲပြားမှုများကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်စီမံရန် သြစတြေးလျဝန်ကြီးချုပ် အယ်လ်ဘနိစ်နှင့် သဘောတူညီခဲ့သည်ဟု လီက ပြောကြားခဲ့သည်။

ကုန်သွယ်ရေးကိစ္စရပ်များအတွက် အဓိက ရည်ရွယ်လျက် တရုတ်ဝန်ကြီးချုပ် လီချန်သည် နယူးဇီလန်နှင့် သြစတြေးလျသို့ ထွက်ခွာလာခြင်းဖြစ်ပြီး အဦးဆုံးအနေဖြင့် ဇွန် ၁၃ ရက်က နယူးဇီလန်သို့ စတင်ရောက်ရှိ လာခြင်းဖြစ်ကာ ၎င်းခရီးစဉ်အပြီးတွင် သြစတြေးလျသို့ ဆက်လက်ရောက်ရှိလာခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်က သြစတြေးလျတွင် အယ်လ်ဘနိစ်အစိုးရ တက်လာပြီး တရုတ်နှင့် ပိုမိုညင်သာပျော့ပျောင်းသော ဆက်ဆံရေးကို ကျင့်သုံးခဲ့ပြီးနောက်ပိုင်း ၂၀၂၀ ခုနှစ်တွင် ချမှတ်ခဲ့သည့် ကုန်သွယ်ရေးပိတ်ပင်မှု အများအပြား ကို တရုတ်က ဖယ်ရှားပေးခဲ့သည်။

သြစတြေးလျ၏ ၀ိုင်၊ သစ်၊ မုယောစပါး နှင့် အမဲသားတင်ပို့မှုများကို ပိတ်ပင်ခဲ့ခြင်းကြောင့် သြစတြေးလျ ပို့ကုန်လုပ်ငန်းရှင်များသည် တစ်နှစ်လျှင် သြစတြေးလျဒေါ်လာ ၂၀ ဘီလျံခန့် ဆုံးရှုံးနစ်နာခဲ့သည်။

Ref:AFP

Most Read

Most Recent