ဟာရီကိန်းမုန်တိုင်းထဲကို တိုးဝင်သည့် မုန်တိုင်းမုဆိုးများ

ဟာရီကိန်းမုန်တိုင်းထဲကို တိုးဝင်သည့် မုန်တိုင်းမုဆိုးများ
Photo-AFP
Photo-AFP
Published 16 June 2024

၂၀၂၀ ပြည့်နှစ်တွင် ဆာရီဟာ ရီကိန်းမုန်တိုင်းက ဖလော်ရီဒါကမ်းရိုးတန်းဒေသကို ဝင်ရောက်တိုက် ခတ်သည့်အခါ အမေရိကန်လေယာဉ်မှူး ဒိန်းလီဂီဒိတ်သည် မုန်တိုင်း၏ဗဟိုချက်ထဲသို့ တိုက်ရိုက် ပျံသန်းဝင်ရောက်သွားသော သိပ္ပံဆိုင်ရာလေ့လာချက်များလုပ်သည့် လေယာဉ်ပေါ်တွင်ရှိနေသည်။

မြေပြင်ကို ပြန်ရောက်သည့်အခါ မုန်တိုင်းကြောင့် သူ၏နေအိမ်ပျက်စီးသွားသည်ကို တွေ့ခဲ့ရသည်။

“ကျွန်တော်တို့ရဲ့အိမ်ဟာ ပျက်စီးသွားခဲ့ပါတယ်”ဟု မုန်တိုင်းဝင်ရောက်တိုက်ခတ်သည်ကို ခံခဲ့ရသည့် ဖလော်ရီဒါပြည်နယ်မှ ဖုန်းဆက်ရာတွင် မိခင်ဖြစ်သူက သူ့အားပြောခဲ့ခြင်းဖြစ်သည်။

ဤသို့ အဖျက်စွမ်းအားပြင်းထန်နိုင်သော မုန်တိုင်းများကို ခန့်မှန်းမှုများ တိုးတက်စေရေးအတွက် အမေရိကန်အစိုးရက အသုံးပြုနေသော“ဟာရီကိန်း မုဆိုး”လေယာဉ်အတွက် အလုပ်လုပ်ရခြင်းသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ အလုပ်ဖြစ်သည်ဟု ဆိုသည်။         

“ကျွန်တော်တို့လုပ်နိုင်တဲ့အရာကို ဂြိုဟ်တုတွေက မလုပ်နိုင်ပါဘူး”ဟု ၃၈ နှစ်အရွယ် လေယာဉ်မှူး ဒိန်းလီဂီဒိတ်က ပြောသည်။ သူသည်  အမျိုးသားသမုဒ္ဒရာနှင့်လေထုဆိုင်ရာအဖွဲ့(NOAA) ၏ လေယာဉ်မှူး ဖြစ်ပြီး သားသမီးသုံးဦး၏ ဖခင်ဖြစ်သည်။ သူသည် ဖလော်ရီဒါပြည်နယ် ပင်ဆာကိုလာတွင် နေထိုုင် သူဖြစ်သည်။

“ကျွန်တော်တို့ အဲဒီမုန်တိုင်းထဲကို တကယ်ဝင်ရောက်ပြီး မုန်တိုင်းကို တိုင်းတာဟာ အလွန်အရေးကြီး ပါတယ်”ဟု ၎င်းက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

နှစ်စဉ် NOAA က WP-3D  Orion လေယာဉ်နှစ်စီးသည် မြောက်အတ္တလန်တိတ်ကို ဖြတ်ပျံကာ ကုန်းမြေကိုခြိမ်းခြောက်သော  ဟာရီကိန်းမုန်တိုင်းများ၏ လမ်းကြောင်းများနှင့် ပြင်းထန်မှုတို့ကို မိုးလေဝသပညာရှင်များ၏ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှု ခန့်မှန်းချက်များ မှန်ကန်စေရေးအတွက် ဆောင် ရွက်ပေးကြသည်ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စုတွင် ဇွန်လ စောစောပိုင်းမှ နိုဝင်ဘာလကုန်ပိုင်းအထိ ဟာရီကိန်းရာသီတွင် ပြင်းအားအဆင့်သုံး သို့မဟုတ် ထို့ထက်ပြင်းအားပိုများသော မုန်တိုင်းခုနစ်ခု ဝင်ရောက်မည်ဟု ခန့်မှန်း ထားသောကြောင့် သာမန်ထက်ထူးခြားနေသော ဟာရီကိန်းရာသီဖြစ်လာချိန်တွင် ယင်းလေယာဉ်များ၌ တပ်ဆင်ထားသော နည်းပညာမြင့် မိုးလေဝသဆိုင်ရာ ပစ္စည်းကိရိယာများသည် ၂၀၂၄ ခုနှစ်တွင် ပိုမိုအ ရေးပါလာနိုင်သည်။

လေယာဉ်မောင်းနှင်သူအများစုသည် ကောင်းကင်အမြင့်၌ ဖြစ်ပေါ်သော လေထုမငြိမ်မသက်မှု ဖြစ်စဉ်ကို ရှောင်ရန် အာရုံစိုက်ကြသည်ဆိုသော်လည်း NOAA လေယာဉ်မှူးများကမူ လေထုမငြိမ်မသက်ဖြစ်နေသော နေရာကို တဲ့တဲ့ဝင်ရောက် ပျံသန်းကြသည်။

ယင်းသို့ အန္တရာယ်များသော ပတ်ဝန်းကျင်သို့ ဦးတည်ဝင်ရောက်သည့်အခါတိုင်း ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ရသည်ဟု ၎င်းကပြော သည်။ ဒိန်းလီဂီဒိတ်သည် အမေရိကန်ရေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

“ဒါပေမဲ့ ခင်ဗျားဟာ ထိတ်လန့်တာမျိုးမဖြစ်ဘူးဆိုရင် ခင်ဗျားအနေနဲ့ အဲဒါမျိုးကို မလုပ်သင့်ပါဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

သူ၏လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သော ကဲဗင်ဒေါ်မက်စ်(၃၆ နှစ်)သည် ဟာရီကိန်း မုဆိုးအဖြစ် လုပ် ကိုင်ခဲ့သော ခြောက်နှစ်ကျော်ကာလအတွင်းတွင် မုန်တိုင်းဗဟိုချက် အပြင်ဘက်၌  မိုးကြိုးမုန်တိုင်းများနှင့် မိုးသည်းထန်စွာရွာနေသောရပ်ဝန်း (eyewall) နှင့်မုန်တိုင်းဗဟိုချက်တို့ထဲသို့ အကြိမ်ရေ ၁၄၀ ခန့် ဖြတ်သန်းခဲ့ဖူးသည်။

“အရင်တုန်းက သစ်သားနဲ့လုပ်ထားတဲ့ ရိုလာကိုစတာစီးရတာနဲ့ တူတယ်”ဟု ဒေါ်မက်စ်က ပြောသည်။

“ဗိုက်ဟာ နည်းနည်းစူထွက်လာတယ်။ ပြီးတော့ အောက်ပိုင်းနဲ့ ထိတယ်။ ထိုင်ခုံထဲမြုပ်သွားသလို ဖြစ်တယ်။ အဲဒါဟာ တော်တော်ကြာကြာ ဖြစ်တယ်ဆိုပေမယ့် တစ်ခါတစ်ခါမှာ တစ်ကြိမ်ကို ရှစ်နာရီလောက် ဖြစ်တာမျိုးပါ”ဟု သူက ပြောသည်။

လေယာဉ်မောင်းခန်း၏အဝင်အဝတွင် ရပ်နေရင်း မြောက်တက်သွားလိုက် ပြန်ကျလာလိုက်ဖြစ်သွားခြင်းတို့ ဖြစ်နေသည်မှာ ကိုင်တွယ်ရ အခက်ဆုံးဖြစ်သည်ဟု ဆိုသည်။

“လေပြင်းတွေက လေယာဉ်ကို ဖျက်ဆီးလိုက်တာမျိုးမဖြစ်အောင် ရုန်းရင်းကန်ရင်း ခင်ဗျားဟာ အဲဒီလိုပုံစံကြီးနဲ့ လေယာဉ်စီးနေရတာ ဖြစ်ပါတယ်”ဟု သူကပြောသည်။

စစ်တပ်လေယာဉ်ပုံစံ လေယာဉ်အခန်းထဲတွင် ထိုင်ခုံများကို airsickness bags များဖြင့်တပ်ဆင်ထားသည်။ လေယာဉ်တွင်တပ်ဆင်ထားသော ရေဒါများနှင့် အခြားနည်းပညာမြင့် ပစ္စည်းကိရိယာများက တွေ့ရှိသော အချက်အလက်များကို screen  အများအပြားတွင် မြင်ရသည်။

မစ်ရှင်တစ်ခုသည် ၈ နာရီမှ ၁၀ နာရီအထိ ကြာတတ်သည်။ မစ်ရှစ်တစ်ခုတွင် ၁၂ ဦးခန့်ပါသော အဖွဲ့ပါဝင်သည်။          

Ref:AFP