ပါရီအိုလံပစ် ဖွင့်ပွဲအခမ်းအနားတွင် တောင်ကိုရီးယားအသင်းကို မြောက်ကိုရီးယားအသင်းဟု မှားယွင်းကြေညာခဲ့မှုအပေါ် နို်င်ငံတကာ အိုလံပစ်ကော်မတီက ပြန်လည်တောင်းပန်

ပါရီအိုလံပစ် ဖွင့်ပွဲအခမ်းအနားတွင် တောင်ကိုရီးယားအသင်းကို မြောက်ကိုရီးယားအသင်းဟု မှားယွင်းကြေညာခဲ့မှုအပေါ် နို်င်ငံတကာ အိုလံပစ်ကော်မတီက ပြန်လည်တောင်းပန်
ဇူလိုင် ၂၆ ရက်က အိုလံပစ်ဖွင့်ပွဲအခမ်းအနားအတွင်း ပါရီမြို့တော်ရှိ Sein မြစ်ထဲတွင် သင်္ဘောစီးနေသည့် တောင်ကိုရီးယား အားကစားအသင်းကို တွေ့ရစဉ်(Photo: AFP)
ဇူလိုင် ၂၆ ရက်က အိုလံပစ်ဖွင့်ပွဲအခမ်းအနားအတွင်း ပါရီမြို့တော်ရှိ Sein မြစ်ထဲတွင် သင်္ဘောစီးနေသည့် တောင်ကိုရီးယား အားကစားအသင်းကို တွေ့ရစဉ်(Photo: AFP)
Published 27 July 2024

ပြင်သစ်နိုင်ငံ ပါရီမြို့တော်တွင် ပြုလုပ်ခဲ့သည့် အိုလံပစ်ဖွင့်ပွဲအခမ်းအနားတွင် တောင်ကိုရီးယား အားကစားသမားများကို မြောက်ကိုရီးယားအသင်းအဖြစ် မှားယွင်းကြေညာခဲ့မှုအပေါ် နိုင်ငံတကာအိုလံပစ် ကော်မတီ (IOC)က ဇူလိုင် ၂၇ ရက်တွင် တောင်းပန်ခဲ့သည်။

တောင်ကိုရီးယားအားကစားအသင်းသည် ပါရီမြို့တော်ရှိ Sein မြစ်ထဲတွင် သင်္ဘောဖြင့် ရောက်ရှိလာချိန်တွင်မြောက်ကိုရီးယား၏ တရားဝင်အမည်ဖြစ်သည့် “ဒီမိုကရက်တစ် ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ”ဟူသည့်အမည်ကို ပြင်သစ်ဘာသာစကားနှင့်စတင်ကြေညာခဲ့ပြီး အင်္ဂလိပ်ဘာသာစကားဖြင့် ထပ်မံကြေညာခဲ့သည်။

ဖွင့်ပွဲအခမ်းအနား၏ ကြေညာချက်ထုတ်ပြန်မှုအတွင်း တောင်ကိုရီးယားအသင်းကို မိတ်ဆက်ခဲ့ချိန်တွင် အမှားအယွင်းဖြစ်သွားခဲ့မှုအတွက် အနူးအညွတ်တောင်းပန်ကြောင်း IOC က X လူမှုမီဒီယာတွင် ကိုရီး ယားဘာသာစကားဖြင့် ရေးသားခဲ့သည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်သော်လည်း ဆင်းရဲမွဲတေနေသည့် မြောက်ကိုရီးယားနှင့် သဘောတရားအရ စစ်ပွဲဖြစ်ပွားနေသည့်အခြေအနေတွင်ရှိနေသည့်  ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုနှင့် နည်းပညာအင်အားကြီးနိုင်ငံ တောင်ကိုရီးယားကို မှားယွင်းကြေညာမှုကြောင့် တောင်ကိုရီးယားနိုင်ငံအတွင်း မကျေနပ်ချက်များ ထွက်ပေါ်ခဲ့သည်။

တောင်ကိုရီးယား အားကစားဝန်ကြီးဌာနက ၂၀၂၄ ပါရီအိုလံပစ်ဖွင့်ပွဲအခမ်းအနားတွင် တောင်ကိုရီးယားအားကစားအသင်းရောက်ရှိလာချိန်၌ မြောက်ကိုရီးယားအသင်း အဖြစ်မှားယွင်းကြေညာမှုအပေါ်ဝမ်းနည်းကြောင်း အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

၂၀၀၈ အိုလံပစ် အလေးမအားကစားချန်ပီယံဖြစ်သည့် လက်ထောက် အားကစားဝန်ကြီး ဂျန်မီရန်သည် ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆွေးနွေးရန် IOC အကြီးအကဲ သောမတ်ဘက်ချ်နှင့် အစည်းအဝေးပြုလုပ်ရန် တောင်းဆိုထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဆိုးလ်မြို့တော်ရှိ ပြင်သစ်သံရုံးကို ဆက်သွယ်ပြီး ထိုဖြစ်စဉ်အတွက် ဝမ်းနည်းကြောင်းနှင့် ထိုအမှားအယွင်းကိုနားမလည်နိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ထိုမှားယွင်းချက်ကို စောဒကတက်ရန် တောင်ကိုရီးယားအမျိုးသား အိုလံပစ်ကော်မတီသည် ပါရီ အိုလံပစ်ပွဲစီစဉ်ရေး ကော်မတီ၊ IOC တို့နှင့် တွေ့ဆုံရန် စီစဉ်ထားသည်ဟု ဆိုသည်။

ထိုအိုလံပစ်ဖွင့်ပွဲအခမ်းအနားတွင် မြောက်ကိုရီးယားအားကစားအသင်းကိုမူ မှန်ကန်စွာကြေညာခဲ့သည်။

မြောက်ကိုရီးယားသည် ရုရှားနှင့် ဆက်ဆံရေးများမြှင့်တင်နေပြီး တောင်ကိုရီးယားနိုင်ငံအတွင်းသို့ အမှိုက်အိတ်များပါရှိသည့် မိုးပျံပူဖောင်းများလွှတ်တင်နေမှုနှင့်အတူ မကြာသေးမီနှစ်များအတွင်း ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးများ အနိမ့်ဆုံးအဆင့်အထိ ကျဆင်းခဲ့သည်။

မြောက်ကိုရီးယား၏ လုပ်ဆောင်မှုများကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားစစ်တပ်က နယ်စပ်ဒေသတွင် အသံချဲ့စက်များဖြင့် K-POP သီချင်းများ၊ မြောက်ကိုရီး ယားအစိုးရကို ဆန့်ကျင်သည့် ၀ါဒဖြန့်အသံ လွှင့်မှုများကိုပြုလုပ်ခဲ့ပြီး နယ်စပ်ဒေသအနီးတွင် ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။

Ref: AFP

Most Read

Most Recent