အာရှခရီးစဉ် ပထမခရီးတစ်ထောက်အဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် လာအိုသို့ရောက်ရှိ

အာရှခရီးစဉ် ပထမခရီးတစ်ထောက်အဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် လာအိုသို့ရောက်ရှိ
ဇူလိုင် ၂၇ ရက်က လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင်ပြုလုပ်သည့် ၅၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးတစ်ခု၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ကို တွေ့ရစဉ်(Photo: AFP)
ဇူလိုင် ၂၇ ရက်က လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင်ပြုလုပ်သည့် ၅၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးတစ်ခု၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ကို တွေ့ရစဉ်(Photo: AFP)
Published 27 July 2024

အာရှနိုင်ငံ အများအပြားသို့သွားရောက်မည့်ခရီးစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်သည် ဇူလိုင် ၂၇ ရက်က လာအိုနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ယင်းခရီးစဉ်အတွင်း ဒေသ တွင်း အစည်းအဝေးတစ်ခုသို့ တက်ရောက်မည်ဖြစ်ကာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်လည်း တွေ့ဆုံမည်ဟု သိရသည်။

ဒေသတွင်း၌ တရုတ်က သြဇာချဲ့ထွင်မှု တိုးမြှင့်လာစဉ် ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေး အခိုင်အမာတည်ဆောက်ရန် ရည်ရွယ်သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ကျင်းပလျက်ရှိသော အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပြင်ပ၌ ဘလင်ကင်နှင့် ဝမ်ယိတို့ သီးခြားတွေ့ဆုံမည်ဖြစ်သည်။

တရုတ်၏ ဒေသတွင်း စီးပွားရေး၊ မဟာဗျူဟာနှင့် ပိုင်နက်နယ်မြေဆိုင်ရာ ရည်မှန်းချက်များကို သွယ်ဝိုက်၍ ရည်ရွယ်ပုံရသော အာရှ-ပစိဖိတ်ဒေသ လွတ်လပ်ပွင့်လင်းရေးမူဝါဒကို တိုးမြှင့်ဖော်ဆောင်ရန် ဘလင်ကင်က ဦးစားပေးလုပ်ဆောင်ခဲ့သည်။

အာဆီယံ၏ ဆက်စပ်အစည်းအဝေးများအတွင်း နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်သည် အမေရိကန်နှင့် အာဆီယံအကြား မကြုံဖူးလောက်အောင် တိုးတက်နက်ရှိုင်းလာသည့် ဆက်ဆံရေးကို ဆက်လက်ဖော်ဆောင် မည်ဖြစ်ကြောင်းပြောကြားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယင်းသည် လွန်ခဲ့သော သုံးနှစ်ကျော်က နိုင်ငံခြားရေးဝန်ကြီးရာထူးကို စတင်ထမ်းဆောင်ပြီးနောက်ပိုင်း ဘလင်ကင်အနေဖြင့် အာရှဒေသသို့ ၁၈ ကြိမ်မြောက် လာရောက်မှုသည် ၎င်းဒေသ၌ အမေရိကန်နှင့် တရုတ် အကြားအားပြိုင်မှု မြင့်တက်လာခြင်းကို ထင်ဟပ်စေသည်။

တရုတ်နှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီးတို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံခဲ့သည့်အပြင် ၎င်းတို့နှစ်ဦးအကြား သီးခြားတွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး နှစ်ရက်အကြာတွင် ဘလင်ကင်က ဗီယန်ကျင်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီ ဆာဂေးလက်ဗ်ရော့တို့သည် ယူရေးရှားဒေသအတွက် လုံခြုံရေးဆိုင်ရာ အခင်းအကျင်းသစ်တစ်ခု ပုံဖော်တည်ဆောက်ရန် ဆွေးနွေးခဲ့သည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အရှေ့တောင်အာရှ၏ အရေးကိစ္စများကို ကြားဝင်စွက်ဖက်ရန် ပြင်ပမှအင်အားစုများ၏ ကြိုးပမ်းမှုမှန်သမျှကို အတူတကွတန်ပြန်ရန်လည်း ၎င်းတို့နှစ်ဦးက သဘောတူညီခဲ့သည်။

ဝမ်နှင့် ဘလင်ကင်တို့ တွေ့ဆုံရာ၌ နှစ်ဖက်စလုံးက အလေးထားသည့် ဘုံကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မော်နင်းက ဇူလိုင် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

အာဆီယံ အစည်းအဝေးများတွင် ဘလင်ကင်က တောင်တရုတ်ပင်လယ်၌ နိုင်ငံတကာ ဥပဒေများကို လေးစားလိုက်နာခြင်း၏ အရေးပါပုံကို ထည့်သွင်းဆွေးနွေးဖွယ်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်၏တင်းမာမှုမြင့်တက်စေသော လုပ်ရပ်များကို ဘလင်ကင်က ဝေဖန်ခဲ့သည်။       

Ref: AFP

Most Read

Most Recent