ဘင်္ဂလားဒေ့ရှ်တွင် ဆန္ဒပြသူများက ရဲကင်းများနှင့် အစိုးရအဆောက်အအုံများကို မီးရှို့ဖျက်ဆီး၊ အာဏာပိုင်များက နိုင်ငံတစ်ဝန်း အင်တာနက်လိုင်းများကို ဖြတ်တောက်ထား

ဘင်္ဂလားဒေ့ရှ်တွင် ဆန္ဒပြသူများက ရဲကင်းများနှင့် အစိုးရအဆောက်အအုံများကို မီးရှို့ဖျက်ဆီး၊ အာဏာပိုင်များက နိုင်ငံတစ်ဝန်း အင်တာနက်လိုင်းများကို ဖြတ်တောက်ထား
Published 19 July 2024
Ref:AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရ၏အလုပ်အကိုင်ခွဲတမ်းချသည့် စနစ်ကို ဖျက်သိမ်းပေးရန် တောင်းဆိုဆန္ဒပြမှုများ အရှိန်မြင့်တက်လာခဲ့ပြီးနောက် ဇူလိုင် ၁၉ ရက်တွင် ဆန္ဒပြသူများက အစိုးရအဆောက်အအုံများကို မီးရှို့ခဲ့ကြပြီး နိုင်ငံတစ်ဝန်း အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။

ဆန္ဒပြမှုများကြောင့် ဇူလိုင် ၁၈ ရက်က သေဆုံးသူ ၃၂ ဦးအပါအဝင် ယခုသီတင်းပတ်အတွင်း သေဆုံးသူ ၃၉ ဦးထက်မနည်းရှိခဲ့ကာ နိုင်ငံအတွင်းရှိ ပြည်နယ် ၆၄ ခု၏ ထက်ဝက်နီးပါးတွင် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ခိုက်ရန်ဖြစ်ပွားမှုများ ရှိနေသည့် သတင်းများထွက်ပေါ်နေသဖြင့် သေဆုံးသူအရေအတွက် ပိုမိုုမြင့်တက်လာဖွယ်ရှိသည်။

နိုင်ငံအတွင်း အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဆန္ဒပြသူများသည် ရဲကင်းများနှင့် အစိုးရရုံးများကို မီးရှို့ခြင်း၊ လက်သရမ်းဖျက်ဆီးခြင်းနှင့် ဖျက်လို ဖျက်ဆီးပြုလုပ်သည့် လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ဖျက်ဆီးခံခဲ့ရသည့် အဆောက်အအုံများအနက် ဒါကာမြို့တော်ရှိ ဘင်္ဂလားဒေ့ရှ် ရုပ်သံလွှင့်ဌာနချုပ်လည်း ပါဝင်ခဲ့ပြီး ရာနှင့်ချီသည့် ကျောင်းသားများသည် ထိုဌာနချုပ်အတွင်းသို့ ဝင်ရောက်ပြီး အဆောက်အအုံကို မီးရှို့ခဲ့ကြသည်။

“မနေ့က ဖြစ်တဲ့ အဓိကရုဏ်းမှာ ရဲတပ်ဖွဲ့ဝင် ၁၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ လုံခြုံရေးကင်းတဲ ၅၀ လောက် မီးရှို့ခံခဲ့ရပါတယ်” ဟု ဒါကာမြို့တော်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဖာရွတ်ဟော့စိန်က ပြောကြားခဲ့သည်။ ဖျက်ဆီးမှုများ ဆက်လက်ဖြစ်ပွားနေပါက ဥပဒေအရ အဆုံးစွန်ဆုံးအခြေအနေအထိ  အရေးယူကိုင်တွယ်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

သေဆုံးသူ စုစုပေါင်း၏ သုံးပုံ နှစ်ပုံခန့်သည် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုများကြောင့်ဖြစ်သည်ဟု ဆေးရုံဝန်ထမ်းများ၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။

ဒါကာမြို့တော်တွင် ယခင်က လူစည်ကားခဲ့သည့် လမ်းများပေါ်တွင် ခြောက်ကပ်နေပြီး မီးရှို့ခံထားရသည့် ကားများနှင့် ဆန္ဒပြသူများပစ်ပေါက်သည့် အုတ်ခဲများကို မြင်တွေ့ရသည်။ ဇူလိုင် ၁၈ ရက် တစ်ရက်တည်းမှာပင် ဆန္ဒပြမှုများကြောင့် ရဲတပ်ဖွဲ့ဝင် ၁၀၄ ဦးနှင့် ဂျာနယ်လစ် ၃၀ ဦးအပါအဝင် လူ ၇၀၀ ကျော် ဒဏ်ရာရခဲ့သည်။

ဇူလိုင် ၁၉ ရက် နံနက်ပိုင်းတွင်လည်း ဒါကာမြို့တော်၌ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့သည်။

ရာနှင့်ချီသည့် ကျောင်းသားများသည် ဘာနာနီရပ်ကွက်ရှိ လမ်းများကို ပိတ်ဆို့ခဲ့ကြပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့များကို ပစ်ခတ်ပြီး လူစုခွဲခဲ့ကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် အစိုးရ၏ အလုပ်အကိုင်များ ခွဲတမ်းချသည့် စနစ်အရ လစာကောင်းသည့် အစိုးရဝန်ထမ်းနေရာစုစုပေါင်း၏ ထက်ဝက်ကျော်ဖြစ်သည့် သောင်းနှင့်ချီသည့် ဝန်ထမ်းနေရာများကို ၁၉၇၁ ခုနှစ်က ပါကစ္စတန်နှင့်ဖြစ်ပွားသည့် ဘင်္ဂလားဒေ့ရှ်လွတ်မြောက်ရေးစစ်ပွဲအတွင်းမှ စစ်မှုထမ်းဟောင်းများ၏ ကလေးများပါဝင်သည့် အထူးအုပ်စုအတွက် လျာထားခြင်းဖြစ်ကာ ထိုစနစ်ကို ဖျက်သိမ်းပေးရန် ကျောင်းသားများက တောင်းဆိုခဲ့သည်။        

Most Read

Most Recent