တရုတ်နှင့် သံသယဖြစ်ဖွယ် လာဘ်ပေးလာဘ်ယူမှုနှင့်ပတ်သက်ပြီး ထိုင်ဝမ်အာဏာရပါတီ၏ ထိပ်သီးအရာရှိတစ်ဦး စုံစမ်းစစ်ဆေးခံရ

တရုတ်နှင့် သံသယဖြစ်ဖွယ် လာဘ်ပေးလာဘ်ယူမှုနှင့်ပတ်သက်ပြီး ထိုင်ဝမ်အာဏာရပါတီ၏ ထိပ်သီးအရာရှိတစ်ဦး စုံစမ်းစစ်ဆေးခံရ
ထိုင်ဝမ်သမ္မတရုံးတွင် ထိုင်ဝမ်အလံများကို တွေ့ရစဉ်(Photo: AFP)
ထိုင်ဝမ်သမ္မတရုံးတွင် ထိုင်ဝမ်အလံများကို တွေ့ရစဉ်(Photo: AFP)
Published 6 July 2024

ထိုင်ဝမ်အာဏာရပါတီဖြစ်သည့် DPP ၏ ထိပ်သီးအရာရှိတစ်ဦးကို တရုတ်နှင့် လာဘ်ပေးလာဘ်ယူမှု သံသယဖြင့် စုံစမ်းစစ်ဆေးမှုပြုလုပ်နေကြောင်း ထိုင်ဝမ်အစိုးရ ရှေ့နေများက ဇူလိုင် ၅ ရက်တွင် ပြောကြားခဲ့ သည်။

စုံစမ်းစစ်ဆေးခံနေရသည့် DPP ပါတီဝင် ချန်ဝမ်ဆန်ကမူ သူသည်မည်သည့်အမှား အယွင်းမျှ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ချန်သည် တရုတ်နိုင်ငံရှိ ထိုင်ဝမ်ဒေသခံ များပါဝင်သည့် မတော်တဆမှုများကဲ့သို့ အရေးကိစ္စများကို နေ့စဉ်ကိုင်တွယ်ဖြေရှင်းနေရသည့် ပြည်မကြီးရေးရာ ကောင်စီအောက်ရှိ ရေလက်ကြားတုံ့ပြန်ဆောင်ရွက်ရေး ဖောင်ဒေးရှင်း၏ အကြီးအကဲဖြစ်သည်။

ထိုဖောင်ဒေးရှင်းသည် သဘောတရားအရ ပုဂ္ဂလိကအဖွဲ့အစည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တရုတ်နှင့် ထိုင်ဝမ်အစိုးရများသည် တစ်ဖက်နှင့်တစ်ဖက် အသိအမှတ်ပြုခြင်း သို့မဟုတ် မည်သည့်တရားဝင် ဆက်ဆံရေးမျှမရှိခြင်းတို့ကြောင့် ဖြစ်သည်။

၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ချန်မြို့တော်ဝန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် ထိုင်ဝမ်မြောက်ပိုင်း တောင်ယွမ်မြို့မှ အစိုးရရှေ့နေများကို ချန်ကိုသံသယဖြစ်ဖွယ် လာဘ်ပေးလာဘ်ယူမှုအတွက် စစ်ဆေးမေး မြန်းရန် ဇူလိုင် ၅ ရက်က ဆင့်ခေါ်ခဲ့ပြီး ချန်ကို ထိန်းသိမ်းရန် တရားရုံးကို လျှောက်ထားခဲ့သည်။

ချန်ကို စွဲဆိုထားသည့် စွပ်စွဲချက်များ နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ချန်ကမူ သူသည် မည်သည့်အမှားအယွင်းမျှ လုပ်ခဲ့ခြင်းမရှိကြောင်း သူ့ရှေ့မှတစ်ဆင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

“ကျွန်တော် တရားမဝင်တဲ့လုပ်ရပ် ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး။ တရားရေးအရ စုံစမ်းစစ်ဆေးမှုကို ကျွန်တော် ပူးပေါင်းဆောင်ရွက်သွားမှာပါ။ အမှန်တရားကို ရှင်းလင်းပြတ်သားစွာ ဖော်ထုတ်နိုင်ဖို့မျှော်လင့်ပြီး ကျွန်တော့်ရဲ့ အပြစ်ကင်းစင်မှုကို အမြန်ဆုံးသက်သေပြချင်ပါတယ်”ဟု ချန်က ပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတရုံးကလည်း ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးသူများသည် ရှင်းလင်းပြတ်သားသည့် ရလဒ်ကို အမြန်ဆုံးဖော်ထုတ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် တရားစီရင်ရေးကို လေးစားကြောင်း ဖော် ပြခဲ့သည်။

မကြာသေးမီနှင့်များအတွင်း တရုတ်သည် ထိုင်ဝမ်အပေါ် နိုင်ငံရေး၊ သံတမန်ရေး နှင့် စစ်ရေးဖိအားများ တိုးမြှင့်ခဲ့သည်။

ထိုင်ဝမ်တွင် မေ ၂၀ ရက်က သမ္မတသစ်လိုင်ချင်တယ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် သုံးရက်အကြာတွင် တရုတ်က ထိုင်ဝမ်ကျွန်းအနီးတွင် အကြီးစားစစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ကာ စစ်ရေးဖိအားများတိုးမြှင့်ခဲ့ သည်။တရုတ်သည် လိုင်ကို အန္တရာယ်များသည့် ခွဲထွက်ဝါဒီတစ်ဦးအဖြစ် သတ်မှတ်ထားသည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုများအတွင်း တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးသို့ စစ်လေယာဉ် ၆၂ စင်းစေလွှတ်ခဲ့ကာ ထိုစစ်လေယာဉ်အရေအတွက်သည် တစ်ရက်အတွင်း ထိုင်ဝမ်ကျွန်းအနီးသို့ စေလွှတ်သည့် တရုတ် စစ်လေယာဉ်အရေအတွက် အများဆုံးစံချိန်ဖြစ်ခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံးသိမ်းယူသွားမည်ဟု သတိပေးထားသည်။

ထိုင်ဝမ်ကမူ ထိုင်ဝမ်ကျွန်း၏အနာဂတ်ကို ထိုင်ဝမ်ဒေသခံများကသာ ဆုံးဖြတ်ပိုင်ခွင့် ရှိကြောင်းပြောကြားခဲ့ပြီး တရုတ်၏အချုပ်အခြာအာဏာပိုင်ဆိုင်မှု ကြေညာချက်ကို ငြင်းဆိုခဲ့သည်။                

Ref: AFP