နစက ဒုတိယ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးတို့ တွေ့ဆုံ၍ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

နစက ဒုတိယ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးတို့ တွေ့ဆုံ၍ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး
Published 27 July 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Is-kander Azizov တို့သည် ဇူလိုင် ၂၆ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် အထူးစီးပွားရေးဇုန်၌ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ကိစ္စရပ်များနှင့် မြန်မာနိုင်ငံအတွင်း ဖြစ်ထွန်း တိုးတက်မှုများအပေါ် ရုရှားနိုင်ငံသတင်းမီဒီယာများမှ ပိုမိုဖော်ပြပေးလိုမှု အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခြင်းနှင့် သံအမတ်ကြီး၏ သိလိုသည့် အချက်အလက်များအား ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အလားတူ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Is-kander Azizov တို့သည် ဇူလိုင် ၂၆ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးနှင့် သိပ္ပံနှင့် နည်းပညာ၊ အကောက်ခွန်ဆိုင်ရာကိစ္စများ၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး နှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုအပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များနှင့်ပတ်သက်၍  ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent