မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာကိုးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် ခန့်မှန်းတန်ဖိုးငွေ ကျပ် ၄၂ သန်းကျော် တန်ဖိုးရှိ ကုန်ပစ္စည်း ငါးမျိုး ဖမ်းဆီးရမိ

မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာကိုးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် ခန့်မှန်းတန်ဖိုးငွေ ကျပ် ၄၂ သန်းကျော် တန်ဖိုးရှိ ကုန်ပစ္စည်း ငါးမျိုး ဖမ်းဆီးရမိ
Published 5 June 2024

 

မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ ကိုးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် ခန့်မှန်းတန်ဖိုးငွေ ကျပ် ၄၂ သန်းကျော် တန်ဖိုးရှိ ကုန်ပစ္စည်း ငါးမျိုး ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီက ထုတ်ပြန်သည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၃ ရက်တွင် အကောက်အခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်မှုဖြင့် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ ကိုးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် ဖန်စီလက်ဝတ်ရတနာ ၁၁၀ ကီလိုဂရမ်၊ ခေါင်းဖြီးဘီးမျိုးစုံ ၂၀၈၆ ကီလိုဂရမ်နှင့် တရုတ်နိုင်ငံထုတ် GI Hollow Pipe ၁၈၉၆၀ ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း ငါးမျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ကျပ် ၄၂ ဒသမ ၇၀၂ သန်းကျော် ဖမ်းဆီးရမိခဲ့ပြီး အကောက်အခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဇွန် ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းများအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ ၂ မိုင် ၄ ဖာလုံအနီး၌ မော်တော်ယာဉ် တစ်စီးပေါ်မှ ခန့်မှန်းတန်ဖိုးငွေ ကျပ် ကိုးသိန်းကျော်တန်ဖိုးရှိ တရားမဝင် ကျွန်းသစ် ၁ ဒသမ ၀၈ တန်နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိ Toyota Noah မော်တော်ယာဉ် တစ်စီး၊ လှည်းကူးမြို့နယ်၊ အဝိုင်းကျေးရွာနှင့် မလစ်(အနောက်)ကျေးရွာကြားနား၌ မော်တော်ယာဉ် တစ်စီးပေါ်မှ ခန့်မှန်းတန်ဖိုးငွေ ၃၁ သိန်းကျော် တန်ဖိုးရှိ တရားမဝင် အခြားသစ် ၃ ဒသမ ၁၈၂ တန်နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၅၀၀ ကျော်တန်ဖိုးရှိ NISSAN Diesel Truck တစ်စီး၊ တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ် (၄၅) အနီး၌ မော်တော်ယာဉ် တစ်စီးပေါ်မှ ခန့်မှန်းတန်ဖိုးငွေ ကျပ် ခုနစ်သိန်းကျော်တန်ဖိုးရှိ တရားမဝင် ကျွန်းသစ် ၀ ဒသမ ၈၉၅ တန်တို့အား ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent