နစကဥက္ကဋ္ဌနှင့် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၊ သီရိလင်္ကာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်တို့ သီးခြားစီတွေ့ဆုံ၍ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

နစကဥက္ကဋ္ဌနှင့် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၊ သီရိလင်္ကာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်တို့ သီးခြားစီတွေ့ဆုံ၍ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေး
Published 27 July 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် H.E. Shri Ajit Doval တို့သည် ဇူလိုင် ၂၆ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင် ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်  သီရိလင်္ကာနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန် General Kamal Gunaratne (Retd)တို့သည် ဇူလိုင် ၂၆ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သီရိလင်္ကာနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mrs. Ponnamperuma Arachchige Prabashini Ponnamperuma နှင့် တာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ ဘာသာရေးဆိုင်ရာများတွင် အတူတကွအပြန်အလှန် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား သင်တန်းသားများစေလွှတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ အစည်းအဝေးကျင်းပခဲ့မှုအခြေအနေများနှင့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအားလုံးနှင့် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent