တရုတ်နိုင်ငံတောင်ပိုင်းတွင် ရေကြီးမှုကြောင့် သေဆုံးသူ ၃၈ ဦးအထိ ရှိလာ

တရုတ်နိုင်ငံတောင်ပိုင်းတွင် ရေကြီးမှုကြောင့် သေဆုံးသူ ၃၈ ဦးအထိ ရှိလာ
တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ် မိုင်ကျိုးမြို့တွင် ရေလွှမ်းမိုးမှုဖြစ်ပွားပြီးနောက် အခြေအနေကို မြင်တွေ့ရစဉ်(Photo: AFP)
တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ် မိုင်ကျိုးမြို့တွင် ရေလွှမ်းမိုးမှုဖြစ်ပွားပြီးနောက် အခြေအနေကို မြင်တွေ့ရစဉ်(Photo: AFP)
Published 22 June 2024

တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုများနှင့် ရေကြီးမှုများကြောင့် ဇွန် ၂၁ ရက်တွင်သေဆုံး သူအရေအတွက်သည် ၃၈ ဦးအထိရှိလာခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံမြောက်ပိုင်းတွင် အပူလှိုင်းရိုက်ခတ်နေပြီးနိုင်ငံတောင်ပိုင်း၌ ရေလွှမ်းမိုးမှုများ ကြုံတွေ့နေခြင်းနှင့်အတူ တရုတ်နိုင်ငံသည် ယခုနွေရာသီတွင် အလွန်ဆိုးရွားသော ရာသီဥတုနှင့် ကြုံတွေ့ရလျက်ရှိသည်။

ယခုသီတင်းပတ်တွင် လူဦးရေသိပ်သည်းထူထပ်သောဂွမ်ဒေါင်းပြည်နယ်၌ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများဖြစ်ပွားနေပြီး အချို့နေရာများတွင် စံချိန်တင်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်။

မိုင်ကျိုးမြို့တစ်ဝန်းတွင် သေဆုံးသူကိုးဦးရှိသည်ဟု အာဏာပိုင်များက ဇွန် ၂ဝရက် တွင်ပြောကြားခဲ့သော်လည်းဇွန် ၂၁ ရက်နေ့ လယ်ခင်းအချိန်တွင် သေဆုံးသူ ၃၈ ဦးအထိ မြင့်တက်လာခဲ့သည်ဟု သိရသည်။

“သဘာဝဘေးအန္တရာယ်ရဲ့ ပြင်းထန်မှုကြောင့် ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဟာ ခက်ခဲပြီး အချိန်ကုန်နေပါတယ်”ဟု နိုင်ငံပိုင် CCTV သတင်းတွင် ဖော်ပြထားသည်။

မိုးရွာသွန်းမှုဒဏ်ကို ခံနေရသူ၅၅,၀၀၀ ကျော်ရှိပြီး နေအိမ် ၂,၂၀၀ ကျော်နှင့်လမ်း ပေါင်း ၄,၇၀၀ နီးပါး ပျက်စီးခဲ့သည်ဟုလည်း ဆိုသည်။

သဘာဝဘေးအန္တရာယ်ကြောင့်ရာနှင့် ချီသော ဓာတ်အားလိုင်းများနှင့် ရေပိုက်လိုင်းများ ပျက်စီးခဲ့သည့်အပြင် ကောက်ပဲသီးနှံစိုက်ပျိုးမြေ ၇,၀၀၀ နီးပါးပျက်စီးခဲ့သည်ဟု CCTV သတင်းတွင်ဖော်ပြထားသည်။

ရေကြီးမှုကြောင့် တိုက်ရိုက်စီးပွားရေးဆုံးရှုံးမှုတန်ဖိုးသည် ယွမ် ၅ ဒသမ ၈၅ ဘီလျံ(ဒေါ်လာ ၈၀၅ ဒသမ ၇ သန်း)တန်ကြေးရှိသည်ဟု သတင်းတွင်ဆိုသည်။

CCTV သတင်းဌာနတွင် ထုတ်လွှင့်သော ဗီဒီယိုမှတ်တမ်းများအရ ကျေးရွာတစ်ရွာလုံးတွင် ရွှံ့ရေများ ဖုံးလွှမ်းနေပြီးနေအိမ် ခေါင်မိုးများပျက်စီးနေသည်ကို တွေ့မြင်ရသည်။

ယခုသီတင်းပတ်အတွင်း နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြချက်အရ အချို့နေရာများသည် ရာစုနှစ်တစ်စုတွင် တစ်ကြိမ်သာကြုံတွေ့ရသည့် ရေကြီးမှုအခြေအနေ သို့မဟုတ်  မှတ်တမ်းစတင်ကောက်ယူချိန်မှစ၍အကြီး မားဆုံးရေကြီးရေလျှံမှုအခြေအနေကို ကြုံတွေ့ခံစားခဲ့ရသည်ဟုဖော်ပြထားသည်။

ဗဟိုအစိုးရက ရေဘေးသင့်ဒေသများကို အရေးပေါ် ရေဘေးကယ်ဆယ်ရေးများအတွက် ယွမ် ၁၀၅ သန်း(ဒေါ်လာ ၁၄ ဒသမ ၅ သန်း)ခွဲဝေချထားပေးခဲ့ကြောင်းနိုင်ငံပိုင်မီဒီယာတွင် ဇွန် ၂၁ ရက်ကဖော်ပြထားသည်။

ဂွမ်ဒေါင်းအပြင် ဂွမ်ရှီ၊ ကျဲကျန်း၊ ဖူဂျီရန်၊ ကျန်းရှီ၊ ဟူနန်နှင့် ဂွေကျိုးပြည်နယ်များနှင့် ဒေသများတွင်လည်း ရေဘေးကိုကြုံတွေ့ခံစားခဲ့ရသည်ဟုဆိုသည်။

နိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းနေသော်လည်း မြောက်ပိုင်းတွင်အပူလှိုင်းကြုံတွေ့နေပြီး အပူချိန်သည် ၃၅ ဒီဂရီ ဆဲလ်စီးယက်အထက်တွင် ရှိနေသည်။

ပြည်နယ်အများအပြားရှိ အာဏာပိုင်များက ဇွန်လအစပိုင်းကတည်းက အပူလှိုင်းသတိပေးချက်များ ထုတ်ပြန်ခဲ့ပြီး ဒေသခံများကို နေရောင်နှင့် ထိတွေ့မှုကန့်သတ်ရန်နှင့် ရေဓာတ်ခန်းခြောက်မှုမရှိစေရန် တိုက်တွန်းခဲ့သည်။

လွန်ခဲ့သည့်သီတင်းပတ်က အပူချိန် ၃၇ ဒီဂရီဆဲလ်စီးယက်အထိ ရောက်ရှိခဲ့သည့် ပေကျင်းမြို့တော်တွင် မိုးရွာသွန်းမှုကြောင့် အပူသက်သာရာရရှိခဲ့သည်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုသည် မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့်အပူလှိုင်းများကဲ့သို့ အလွန်ပြင်းထန်ဆိုးရွားသောရာသီဥတုများကို မကြာခဏဖြစ်ပေါ်စေပြီးပိုမိုပြင်းထန်စွာဖြစ်ပေါ်စေလိမ့်မည်ဟု သိပ္ပံပညာရှင်များက သတိပေးထားသည်။       

Ref: AFP

Most Read

Most Recent