ခန်းယူနစ်တွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် လေးရက်အတွင်း ဂါဇာဒေသခံ ၁၈၀,၀၀၀ နေရပ်စွန့်ခွာခဲ့ရကြောင်း ကုလသမဂ္ဂ ထုတ်ပြန်

ခန်းယူနစ်တွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် လေးရက်အတွင်း ဂါဇာဒေသခံ ၁၈၀,၀၀၀ နေရပ်စွန့်ခွာခဲ့ရကြောင်း ကုလသမဂ္ဂ ထုတ်ပြန်
ဇူလိုင် ၂၆ ရက်က ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ပွဲဝင်နေသော အစ္စရေးစစ်သားများကို တွေ့ရစဉ်(Photo: AFP)
ဇူလိုင် ၂၆ ရက်က ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ပွဲဝင်နေသော အစ္စရေးစစ်သားများကို တွေ့ရစဉ်(Photo: AFP)
Published 27 July 2024

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ခန်းယူနစ်မြို့တွင် ဖြစ်ပွားသော ပြင်းထန်သည့်တိုက်ပွဲကြောင့် လေးရက်အတွင်း နေရပ်စွန့်ခွာသူ ပါလက်စတိုင်း ၁၈၀,၀၀၀ ကျော်ရှိကြောင်း ကုလသမဂ္ဂက ဇူလိုင် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

အစ္စရေး-ဟားမာ့စ်စစ်ပွဲ ကိုးလကျော်အတွင်းသို့ ရောက်ရှိလာချိန်တွင် ခန်းယူနစ်ဒေသ၌ လတ်တလော တိုက်ပွဲများပြင်းထန်လျက်ရှိပြီး ဂါဇာတစ်ဝန်းတွင် ပြည်တွင်းရွှေ့ပြောင်းမှုလှိုင်းသစ်တစ်ရပ်ကို ဖြစ်ပေါ်စေ သည်ဟု ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုအေဂျင်စီ OCHA ကထုတ်ပြန်ထားသည်။

ဇူလိုင် ၂၂ ရက်မှ ၂၅ ရက်အတွင်းခန်းယူနစ်မြို့အလယ်ပိုင်းနှင့်အရှေ့ပိုင်းမှ ရွှေ့ပြောင်းနေထိုင်သူ ၁၈၂,၀၀၀ ခန့်ရှိပြီးခန်းယူနစ်အရှေ့ပိုင်းတွင် လူပေါင်းရာချီပိတ်မိနေကြသည်ဟု ဆိုသည်။

ခန်းယူနစ်မြို့၏ နေရာအချို့တွင်ရွှေ့ပြောင်းနေထိုင်မှုများ ပြုလုပ်ရန် အစ္စရေးစစ်တပ်က ဇူလိုင် ၂၂ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့ပြီး ၎င်းတို့တပ်ဖွဲ့များသည် ယခင်ကဘေးကင်းလုံခြုံသည့် လူသားချင်းစာနာထောက် ထားမှုဇုန်အဖြစ်ကြေညာထားသောနေရာ အပါအဝင်ယင်းနေရာတွင် အပြည့်အဝစစ်ဆင်ရေးတစ်ရပ် ပြုလုပ်မည်ဟု ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။

စစ်ပွဲတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့သည့်ဟားမာ့စ်၏ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုအတွင်း ဖမ်းဆီးခံခဲ့ရသည့် ဓားစာခံများ၏အလောင်းငါးလောင်းကို အစ္စရေးတပ်ဖွဲ့ကခန်းယူနစ်မှ အစ္စရေးနိုင်ငံအတွင်းသို့ ပြန်လည် သယ်ဆောင်လာခဲ့သည်ဟု ဇူလိုင် ၂၄ ရက်က ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်က ၎င်း၏တပ်ဖွဲ့ဝင်များသည် ယခုသီတင်းပတ်အတွင်း ခန်းယူနစ်မြို့မှ ပျမ်းမျှ အကြမ်းဖက်သမား ၁၀၀ ခန့်ကို သုတ်သင်ရှင်းလင်းခဲ့သည်ဟု ဇူလိုင်၂၅ ရက်တွင်ပြောကြားခဲ့သည်။

ဓားစာခံများ၏အလောင်းများကို မြေအောက်လိုဏ်ခေါင်းများနှင့် ဖုန်းကွယ်ထားသောနေရာတစ်နေရာရှိ နံရံများအတွင်းမှဆွဲထုတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဟာဇီဟာလီဗီကပြော ကြားခဲ့သည်။

အစ္စရေးတပ်ဖွဲ့များသည် ယခင်ကယင်းအလောင်းများ တည်ရှိသည့်နေရာအနီးအနားကိုရောက်ရှိခဲ့သော်လည်း ယခုသီတင်းပတ်အချိန်အထိ ထိုအလောင်းများမည်ကဲ့သို့ ရောက်ရှိလာကြကြောင်း သိရှိခဲ့ခြင်းမရှိဟု ဟာလီဗီက ဆိုသည်။

ခန်းယူနစ်အရှေ့ပိုင်းတစ်ဝိုက်တွင် ဇူလိုင် ၂၆ ရက်က ပြင်းထန်သောတိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း မျက်မြင်တွေ့ရှိသူများနှင့် ကယ်ဆယ်ရေးသမားများကဆိုသည်။

အစ္စရေးစစ်တပ်က တွေ့ရှိခဲ့သည့်အလောင်းများတွင် မူကြိုဆရာမ မာရာဂိုရန်နှင့်အတူ စစ်သားများဖြစ်ကြသည့် တိုမာအဟီ မက်စ်၊ ခီရေးလ်ဘရော့စကီ၊ ရာဗစ်အာရာကက်ဇ်နှင့် အိုရန်ဂိုးဒ်ဒင်းတို့ဖြစ်ပြီးထိုအလောင်းများကို အစ္စရေးနိုင်ငံသို့ ပြန်လည်သယ်ဆောင်လာခဲ့သည်ဟုဆိုသည်။

အသက် ၅၆ နှစ်အရွယ် ဂိုရန်သည် အောက်တိုဘာ ၇ ရက် အစ္စရေးတောင်ပိုင်းသို့ ဟားမာ့စ်များဝင်ရောက်တိုက်ခိုက်ချိန်ပစ်မှတ်ထားခဲ့သည့် ကစ်ဘွတ်ဇ်မြို့တွင်အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်ကဆိုသည်။

အခြားသူများသည် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြခြင်းဖြစ်ကာ ကက်ဇ်သည် နီရာအော့ဇ်ကစ်ဘွတ်ဇ်မြို့လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု အစ္စရေးစစ်တပ်ကထုတ်ပြန်ထားသည်။

ဟားမာ့စ်အဖွဲ့၏ အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုအတွင်း အရပ်သားအများစုအပါအဝင် လူ ၁,၁၉၇ ဦးသေဆုံးခဲ့ကာ ယင်းတိုက်ခိုက်မှုကြောင့် အစ္စရေး-ဟားမာ့စ်စစ်ပွဲတစ်ရပ်ဖြစ်လာခဲ့သည်။     

Ref: AFP

Most Read

Most Recent