အစ္စရေးစစ်ဆင်ရေးကြောင့် ခန်းယူနစ်၌ လူ ၇၀ သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာရခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာန ပြောကြား

အစ္စရေးစစ်ဆင်ရေးကြောင့် ခန်းယူနစ်၌ လူ ၇၀ သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာရခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာန ပြောကြား
အစ္စရေးထုတ်ပြန်သည့် ရွှေ့ပြောင်းအမိန့်ကြောင့် ပါလက်စတိုင်းပြည်သူများ ခန်းယူနစ်မှ အနောက်သို့ ထွက်ပြေးသည်ကို ဇူလိုင်၂၂ ရက်တွင် တွေ့ရစဉ်(Photo: AFP)
အစ္စရေးထုတ်ပြန်သည့် ရွှေ့ပြောင်းအမိန့်ကြောင့် ပါလက်စတိုင်းပြည်သူများ ခန်းယူနစ်မှ အနောက်သို့ ထွက်ပြေးသည်ကို ဇူလိုင်၂၂ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 23 July 2024

ခန်းယူနစ်တွင် အစ္စရေးစစ်တပ်က လုပ်ဆောင်ခဲ့သောစစ်ဆင်ရေးကြောင့် လူ ၇၀ သေဆုံးခဲ့ပြီး ၂၀၀ ကျော်ဒဏ်ရာရခဲ့သည်ဟု ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာရှိကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်က ခန်းယူနစ်တွင် အင်နှင့်အားနှင့် စစ်ဆင်ရေးလုပ်မည်ဟု သတိပေးပြောကြားခဲ့ပြီးနောက် ခန်းယူနစ်တွင် စစ်ဆင်ရေးလုပ်ရာမှ လူအများအပြားသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဂါဇာကျန်းမာရေးအာဏာပိုင် များက ပြောကြားသည်။

အယ်လ်မာဝါဆီ လူသားချင်းစာနာမှု နယ်မြေအပါအဝင် ခန်းယူနစ်မြို့၏အရပ်ဒေသများအတွက် အစ္စရေးစစ်တပ်ထုတ်ပြန်သော ယာယီပြောင်းရွှေ့အမိန့်ထွက်လာပြီးနောက် ပါလက်စတိုင်းပြည်သူ ထောင်ပေါင်းများစွာသည် ဂါဇာတောင်ပိုင်းဒေသများမှ ထွက်ပြေးခဲ့ကြသည်။

ဒုံးကျည်ပစ်လွှတ်မှုများကို ထိန်းချုပ်ရန် ယင်းဒေသတွင်စစ်ဆင်ရေးလုပ်မည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ ယခုနှစ်အစပိုင်းတွင် ဂါဇာတောင်ပိုင်းဒေသများ၌  ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားခဲ့သည်။

အယ်လ်မာဝါဆီကို တိုက်ခိုက်မှုအတွင်း လူ ၉၂ ဦးသေဆုံးခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီးနောက် ရက်ပိုင်းအတွင်း အထက်ပါဖြစ်ရပ်ဖြစ်ပွားခြင်းဖြစ်သည်။ အယ်လ်မာဝါဆီကို တိုက်ခိုက်မှုသည် ဟားမာ့စ်တပ်မှူးကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု အစ္စရေးက ပြောကြားခဲ့သည်။

ဇူလိုင် ၂၂ ရက်တွင် ဂါဇာစီးတီး၌ လူ ၁၂ ဦးသေဆုံးခဲ့ပြီး ဂျာဘာလီယာဒုက္ခသည်စခန်းတွင် လူလေးဦးသေဆုံးခဲ့သည်ဟု ဂါဇာမြို့ပြကာကွယ်ရေးအေဂျင်စီက ပြောကြားခဲ့သည်။

အစ္စရေးက ဟားမာ့စ်ကို ချေမှုန်းမည်ဟု ကြုံးဝါးထားပြီး စစ်သွေးကြွကင်းစင်နယ်မြေများဟု ယခင်ကကြေညာထားသော အရပ်ဒေသများတွင် ပြင်းထန်သော စစ်ဆင်ရေးများကို လုပ်ဆောင်ခဲ့သည်။

အပစ်ရပ်စဲရေးနှင့် ဓားစာခံလွတ်မြောက်ရေးတို့အတွက် သဘောတူညီချက်ရရှိ အောင်ဆောင်ရွက်ရန် ဖိအားပေးခြင်းခံနေရသော အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် အမေရိကန်ကွန်ဂရက်ကို မိန့် ခွန်းပြောကြားရန် ဇူလိုင် ၂၂ ရက်တွင် ၀ါရှင်တန်ကို ရောက်ရှိလာခဲ့သည်။

နေတန်ယာဟုသည် ဇူလိုင် ၂၄ ရက်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့်တွေ့ဆုုံမည်ဖြစ်သည်။ ယင်းသို့တွေ့ဆုံရာတွင် သမ္မတဘိုင်ဒင်ကဂါဇာ စစ်ပွဲအပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ရရှိစေရန် ၎င်းကို ဖိအားပေးလိမ့်မည်ဖြစ်သည်။

စစ်ပွဲ၏ပြင်းထန်သော အဆင့်သည်ပြီးဆုံးတော့မည်ဟု ဇွန်လကုန်ပိုင်းတွင် နေတန်ယာဟုက ပြောကြားခဲ့သည်။

ပါလက်စတိုင်းသားများသည် ၎င်းတို့ ဘေးကင်းရေးအတွက် အယ်လ်မာဝါဆီတွင် သွားနေကြရန် အစ္စရေးစစ်တပ်က ညွှန်ကြားခဲ့ပြီးနောက်နှစ်လအကြာတွင် အယ်လ်မာဝါဆီအတွက် ပြောင်းရွှေ့အမိန့်ထွက်ပေါ်လာခြင်းဖြစ်သည်။

“ခန်းယူနစ်မှာ အစ္စရေးကျူးကျော်သူတွေရဲ့တိုက်ခိုက်မှုတွေနဲ့ လူအများအပြားကို သတ်ဖြတ်မှုတွေကြောင့်ဇူလိုင် ၂၂ ရက်မနက် ပိုင်းကနေ အခုချိန်ထိ လူ ၇၀ ဟာ အာဇာနည် တွေဖြစ်သွားခဲ့ကြပြီး လူ ၂၀၀ ကျော်ဒဏ်ရာရခဲ့ပါတယ်”ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

သေဆုံးသူအရေအတွက်  ဖြေကြားပေးရန် အေအက်ဖ်ပီသတင်းဌာနက မေးမြန်းသည်ကို အစ္စရေးစစ်တပ်က ဖြေကြားခြင်းမရှိပေ။

သို့ရာတွင် အစ္စရေးတိုက်လေယာဉ်များနှင့်တင့်ကားများသည် ခန်းယူနစ်တွင်တိုက်ခိုက်ရေးသမားများကို တိုက်ခိုက်ချေမှုန်းခဲ့သည်ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။

အစ္စရေးတပ်ဖွဲ့များသည် ခန်းယူနစ်၌ ဟားမာ့စ်အသုံးပြုနေသော အဆောက်အအုံ ၃၀ ကျော်ကို ပစ်မှတ်ထားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အစ္စရေးစစ်လေယာဉ်များသည် ဟားမာ့စ်တို့အသုံးပြုနေသော လိုဏ်ခေါင်းများကိုလည်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။                      

Ref: AFP

Most Read

Most Recent