■ KNU ၏ ဒုတိယဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် ကင်ဆာရောဂါဖြင့် ကွယ်လွန်

■ KNU ၏ ဒုတိယဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် ကင်ဆာရောဂါဖြင့် ကွယ်လွန်
Published 24 July 2024

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဒုတိယဥက္ကဋ္ဌဟောင်းဖြစ်သူ နော်စီဖိုးရာစိန်သည် ဇူလိုင် ၂၄ ရက် နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ၊ မယ့်စရီယန်းမြို့ရှိ နေအိမ်တွင် သားအိမ်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

ကရင်အမျိုးသားအစည်းအရုံး KNU ဒုတိယဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူး တာဝန်များ ယူခဲ့သည့် နော်စီဖိုးရာစိန်သည် ကွယ်လွန်သွားချိန်တွင် အသက် ၆၉ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

နော်စီဖိုးရာစိန်သည် နာတာရှည် ကင်ဆာရောဂါကို ခံစားနေရပြီး မကြာခဏ ဆေးကုသမှု ခံယူနေရသော်လည်း ထိုရောဂါဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက သတင်းဌာနအချို့ကို ပြောကြားထားသည်။

နော်စီဖိုးရာစိန်၏ နာရေးအစီအစဉ်နှင့်ပတ်သက်ပြီး အသေးစိတ်ကို မသိရှိရသေးကြောင်း ပဒိုစောတောနီးက သတင်းဌာနအချို့ကို ပြောကြားထားသည်။

နော်စီဖိုးရာစိန်သည် KNU စစ်ဦးစီးချုပ်ဟောင်းလည်း ဖြစ်ဖူးသည့် ဗိုလ်ချုပ်ကြီး တာမလာဘော၏ သမီးဖြစ်သည့်အပြင် နှစ် ၇၀ ကျော်အတွင်း KNU သမိုင်း၌ တစ်ဦးတည်းသော အမျိုးသမီး ဒုတိယဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး တာဝန်များကို ယူခဲ့သူဟုလည်း သိရသည်။

နော်စီဖိုးရာစိန် ကွယ်လွန်မှုနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင်ဟောင်းဖြစ်သူ ဦးလှမောင်ရွှေက "ဘယ်လိုဘဲဖြစ်ဖြစ် ဒီနေ့တော့ ဆရာမ ကွယ်လွန်ခဲ့ပါပြီ။ လူသားတစ်ဦးအနေနဲ့ ၊ ကရင်အမျိုးသားများရဲ့ ခေါင်းဆောင်အနေနဲ့ နှမြောပါတယ်။ ဝမ်းနည်း စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ တစ်နေ့ ကျွန်တော်တို့လည်း ဒီလမ်းကိုသွားရမှာသိပေမဲ့ ဘယ်တော့မှန်းမသိ။ KNU က ဆရာဖဒိုဒေးဗစ်ထော ၊ အခု ဆရာမတို့သွားနှင့်ပါပြီ။ ငြိမိးချမ်းစွာ နားနေနိုင်ပါစေကြောင်း လေးစားသမှုနဲ့ မေတ္တာပို့ ဆုတောင်းပါတယ်။ ဆရာမကို ဂုဏ်ပြုပါတယ်ခင်ဗျား" ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

KNU ဒုတိယဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူး တာဝန်များ ယူခဲ့သည့် နော်စီဖိုးရာစိန်သည် ငြိမ်းချမ်းရေးနှင့်ပတ်သက်လျှင် ၎င်းရရှိသည့် အချက်အလက်၊ ၎င်း၏ ဖြတ်သန်းမှုနှင့် ၎င်း၏ ရပ်တည်ချက်အပေါ်မှုတည်၍ သဘောတင်းမာသည့် ခေါင်းဆောင်တစ်ဦးအဖြစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်ကိုင်သူများထဲတွင် ထင်ရှားသူတစ်ဦးလည်း ဖြစ်သည်။

Most Read

Most Recent