ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : Getty Images
Photo : Getty Images
Published 11 April 2024

နယူးကာဆယ် နှင့် စပါး

နယူးကာဆယ်က စပါးကို မနှစ်တုန်းက အိမ်ကွင်းမှာ ဂိုးဒါဇင်ဝက်နဲ့ နိုင်တဲ့ပွဲအပါဝင် နှစ်ကျော့စလုံး အနိုင်ရခဲ့တာကို တွေ့ရတယ်။ ဒီရာသီ နယူးကာဆယ်အသင်းကတော့ မနှစ်က အသင်းကို မမီဘူး။ စပါးအသင်းက မနှစ်က အသင်းထက် ပို ကောင်းလာတယ်။ ဒါပေမဲ့ မနှစ်က အိမ်ကွင်း ဂိုးမိုးရွာထားတဲ့ အရှိန်နဲ့ ဒီရာသီမှာလည်း နယူးကာဆယ်ရဲ့ လူအင်အားကလျှော့ တွက်လို့မရလို့ စပါး သတိထားရမယ်။ စပါးအသင်းက လက်ရှိ အချိန်မှာ အဆင့် ၄ နေရာအတွက် အားအကောင်းဆုံး ဖြစ်လာ ပြီး ဗီလာကို အမှတ်ဖြတ်ဖို့အတွက်တော့ အမှတ်လိုနေသေးတယ်။ နယူးကာဆယ်ကလည်း ဥရောပဝင်ခွင့်တစ်နေရာအတွက် မျှော်လင့်ချက်ရှိနေတဲ့ အသင်းဖြစ်လို့ အစွမ်းကုန် ရုန်းကန်မှာပါ။ နှစ်သင်းစလုံး အမှတ်လိုတဲ့ အနေအထားမှာ သရေဆိုရင်လည်း ကျေနပ်စရာဖြစ်တဲ့ စပါးက သရေထိန်းကစားသွားမယ်ထင်တယ်။ 

ဘရန့်ဖို့ဒ် နှင့် ရှက်ဖီးယူနိုက်တက်

ဘရန့်ဖို့ဒ်က အဆင့် ၁၅ ဆိုပေမယ့် အဆင့် ၁၈ နေရာက လူတန်တောင်းအသင်းနဲ့ ၄ မှတ်ပဲ ကွာပါတယ်။ အနေအထားက အရမ်းမစိုးရိမ်ရပေမယ့် လုံးဝလွတ်နေတာလည်း မဟုတ်ဘူး။ ခြေစွမ်းရော ရလဒ်ရော မဆိုးဘူးဆိုပေမယ့် နောက်ဆုံး ၃ ပွဲဆက်သရေရလဒ်က တစ်ပွဲနိုင်စာ အမှတ်ပဲ ရှိလို့ နစ်နာတယ်။ ရှက်ဖီးကလည်း နောက်ပိုင်းပွဲတွေမှာ တော် တော်လေးမာကျောလာတယ်။ ဒါပေမဲ့ ဘရန့်ဖို့ဒ်ဒီပွဲကို မဖြစ်မနေအနိုင်ကစားမှာပါ။

ဘန်လေ နှင့် ဘရိုက်တန်

ဘန်လေက တန်းဆင်းဇုန် ပြိုင်ဘက် အဲဗာတန်ကို နောက်ဆုံးပွဲမှာ ၃ မှတ်ပေးလိုက်တာ တော်တော်လေး နစ်နာတယ်။ လက်ရှိ အချိန်မှာ အဆင့် ၁၈ က လူတန်ကိုတောင် ၆ မှတ်လောက် ပြတ်နေတဲ့ အနေအထားဖြစ်လို့ နိုင်ပွဲတွေ ရှာရတော့မယ်။ ဒီပွဲပြီးရင် ရှက်ဖီးနဲ့ ဆက်ကစားရမှာဖြစ်လို့ အမှတ်မလိုတဲ့ ဘရိုက်တန်ကို အိမ်ကွင်းမှာ အနိုင်ကစားဖို့ လိုနေတယ်။ ဘန်လေကို ကြိုက်တယ်။ 

မန်စီးတီး နှင့် လူတန်

အာဆင်နယ်က အက်စတွန်ဗီလာနဲ့ ပွဲကြပ်ကစားရမယ့် အချိန်မှာ မန်စီးတီးအသင်း ကတော့ ပွဲကြပ်ကုန်သလောက်နီးပါး ဖြစ်သွားပြီး လွယ်လွယ်ကူကူ နိုင်သင့်တဲ့ပွဲတွေမှာ အမှားကြီးကြီးမားမား မလုပ်မိဖို့ပဲလိုတယ်။ ရီးယဲလ်နဲ့ပွဲမှာလည်း ကျေနပ်စရာရလဒ်ကို ပိုင်ဆိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း ဆက်ပြေးရုံပဲ ဖြစ်နေလို့ မန်စီးတီး အေးဆေးသွားပါလိမ့်မယ်။ ဂိုးတွေလည်း မြင်ရလိမ့်မယ်။ အနိုင်လည်း သေချာတယ်။ 

နော်တင်ဟမ် နှင့် ဝုလ်ဗ်

ဖောရက်စ်က ခြေစွမ်းပိုင်း သိသိသာသာတိုးတက်လာတာကို တွေ့ရတယ်။ အသင်း ရဲ့ တိုက်စစ်ပိုင်းမှာ ခရစ္စဝုဒ်က ဂိုးတွေသွင်းပေးနေပြီး အယ်လန်ဂါ၊ အိုဒွိုင်းတို့နဲ့ တွဲဖက်ထားတဲ့ တိုက်စစ်ကလည်း တော်တော်လေး အလုပ်လုပ်တယ်။ ဝုလ်ဗ်အသင်းက ရလဒ်တွေကျဆင်းနေပေမယ့် သူတို့ ယူထားတဲ့အမှတ်ကြောင့် အေးဆေးပါပဲ။ နော်တင်ဟမ်ကို ပဲ ကြိုက်ပါတယ်။ 

ဘုန်းမောက် နှင့် မန်ယူ

မန်ယူနိုက်တက်အသင်းက သင်္ချာနည်းအရတော့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်က ရှိနေဆဲပါ။ လက်တွေ့မှာတော့ မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ လက်ကျန်ပွဲစဉ်တွေက  အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်ရဲ့ အနာဂတ်အတွက် စောင့်ကြည့်ရမယ့် ပွဲတွေဖြစ်နေလို့ ရုန်းကန်နေဦးမှာပဲ။ ဘုန်းမောက်ကလည်း တော်တော်လေးရလဒ်ကောင်းနေတဲ့အနေအထားပါ။ မန်ယူနိုက်တက် နိုင်ပွဲရဖို့ ခက်ဦးမယ်ထင်တယ်။

Most Read

Most Recent