ယူရိုပါလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ ပွဲကြိုသုံးသပ်ချက်

ယူရိုပါလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 7 March 2024

စပါတာပရပ်ဂ် နှင့် လီဗာပူးလ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

လီဗာပူးလ်အသင်း ဒဏ်ရာပြဿနာတွေ ထိုးနှက်နေတဲ့ကြားကနေ နိုင်ပွဲတွေနဲ့ ရှေ့ဆက်နေဆဲပါပဲ။ လီဗာပူးလ်က အခု ယူရိုပါလိဂ်ပြိုင်ပွဲမှာ ရေပန်းအစားဆုံးအသင်း ဖြစ်နေသလို၊ နည်းပြ ကလော့ပ်ကလည်း သူ့ရဲ့နောက်ဆုံးရာသီမှာ ဖလားလေးလုံးအထိ အဆုံးစွန်သော မျှော်လင့်ချက်တွေ ထားနေတာ သေချာပါတယ်။ ပြိုင်ဘက် ချက်ကလပ်က အိမ်ကွင်းအားကို အဓိကအားပြုကစားတာဖြစ်လို့ အဝေးကွင်းပွဲမှာတော့ ရုန်းကန်ရနိုင်ခြေတော့ ရှိပါတယ်။ လာမယ့်အပတ်မှာ မန်စီးတီးနဲ့ပွဲရှိလို့ လီဗာပူးလ် လူမစုံနိုင်ပေမဲ့ အနိုင်တော့ ကစားနိုင်လောက်တယ်။

ရိုးမား နှင့် ဘရိုက်တန် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ရိုးမားအသင်းက ရာသီကုန်အထိသာ ခန့်အပ်ထားတဲ့ နည်းပြ ဒီရော့ဆီလက်ထဲမှာ အခြေအနေ အတော်ကောင်းလာတယ်။ အထူးသဖြင့် ဒီဘားလားလို ဖန်တီးမှုအသားပေးတဲ့ ကစားသမားမျိုးက သူ့လက်ထက်မှာ ဟက်ထရစ်တောင် ရနေတာက အံ့အားသင့်စရာပါပဲ။ ကစားသမားပိုင်း သိပ်မကွာပေမဲ့  အစဉ်အလာနဲ့ ဥရောပပြိုင်ပွဲအတွေ့အကြုံများသူတွေ ရိုးမားအသင်းမှာ ရှိနေတာက ဒီပွဲကို အဓိကအဆုံးအဖြတ်ပေးနိုင်လိမ့်မယ်ထင်တယ်။ ဘရိုက်တန်ကတော့ လတ်တလောမှာ ကျရိပ်ပြနေပြီး အဝေးကွင်းနောက်ဆုံး(၅)ပွဲမှာ (၄)ပွဲအထိ အရေးနိမ့်ထားတယ်။ ရိုးမားပဲ နိုင်ဖို့များတယ်။

ကာရာဘတ် နှင့် လေဗာကူဆင် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

လေဗာကူဆင်အသင်းရဲ့နိုင်ပွဲဆက်မှတ်တမ်းတွေက မရပ်တန့်သွားသေးဘူး။ နည်းပြ အလွန်ဆိုကလည်း သူ့ရဲ့နည်းပြ Career မှာ မှတ်ကျောက်တင်နိုင်ဖို့ ပွဲတိုင်းကို အနိုင်ရဖို့ ကြိုးပမ်းနေတယ်။ ကာရာဘတ်ကတော့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဥရောပပြိုင်ပွဲ (၁၆)သင်းအဆင့်ကို တက်လှမ်းလာနိုင်ခဲ့တာဖြစ်တယ်။ လေဗာကူဆင် ဂိုးပြတ်နိုင်ဖို့ မလွယ်ဘူး။

မာဆေးလ် နှင့် ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

နည်းပြအပြောင်းအလဲက မာဆေးလ်အသင်းကို များစွာခြားနားသွားစေတယ်။ နည်းပြဘဝမှာ ကြီးကြီးမားမားအောင်မြင်မှုမရှိတဲ့အပြင် လတ်တလော အိုင်ဗရီကို့စ်အသင်းမှာ ကျရှုံးခဲ့တဲ့ ဂက်ဆတ်ကို တာဝန်ပေးခဲ့လို့ ဝေဖန်မှုတွေ ရှိခဲ့ပေမဲ့ အခုချိန်မှာတော့ ငြိမ်သက်သွားခဲ့တယ်။ ဂတ်ဆက်ရဲ့လက်ထက်မှာ မာဆေးလ်က (၃)ပွဲစလုံး အနိုင်ကစားပြီး ပွဲတိုင်းလည်း အနိမ့်ဆုံး(၃)ဂိုးစီ သွင်းယူခဲ့တယ်။ ဗီလာရီးယဲလ်အသင်းက Rhythm ပြန်မှန်လာပြီး နောက်ဆုံး(၇)ပွဲဆက်တိုက် ရှုံးပွဲမရှိဘဲ ကစားထားနိုင်ခဲ့တယ်။ ပြင်သစ်မြေမှာ ဗီလာရီးယဲလ် သရေခံကစားနိုင်တယ်။

ဘင်ဖီကာ နှင့် ရိန်းဂျားစ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ဘင်ဖီကာအသင်းရဲ့ အမှတ်ပေးချန်ပီယံတိုက်ပွဲက အမှားခံလို့မရတဲ့အပြင် ပြည်တွင်းဖလားပွဲလည်း ရှိနေသေးလို့ စစ်မျက်နှာသုံးခုလောက် ဖွင့်ထားရတဲ့ အနေအထားပါ။ ရိန်းဂျားစ်အသင်းကတော့ ပြိုင်ပွဲစုံ(၁၀)ပွဲဆက်တိုက် အနိုင်ကစားထားပြီးမှ နောက်ဆုံးပွဲမှာ မထင်မှတ်ဘဲ အရေးနိမ့်ခဲ့တယ်။ ရိန်းဂျားစ်အနေနဲ့ ဘင်ဖီကာကို အခက်အခဲတွေ့အောင် လုပ်နိုင်စွမ်းရှိပေမဲ့ အိမ်ရှင်ပဲ အနိုင်ရဖို့များတယ်။

ဖရိုင်းဘတ် နှင့် ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ဝက်စ်ဟမ်းအသင်းက ပြိုင်ပွဲစုံ(၈)ပွဲဆက် နိုင်ပွဲပျောက်ထားပြီးမှ နောက်ဆုံး(၂)ပွဲဆက် ပြန်အနိုင်ရခဲ့တယ်။ ကွန်းဖရန့်လိဂ် လက်ရှိချန်ပီယံအသင်းအနေနဲ့ ယူရိုပါလိဂ်ဖလား မျှော်လင့်ချက်ကို လွယ်လွယ်နဲ့တော့ လက်လွှတ်ခံမှာ မဟုတ်ပါဘူး။  တိုက်စစ်ပိုင်းမှာ ကူဒူးစ် အာဖရိကနိုင်ငံများဖလားပွဲကနေ ပြန်လာပြီးကတည်းက ဂိုးပေါက်ပျောက်နေတာ အနည်းငယ်စိုးရိမ်စရာရှိတယ်။ ဖရိုင်းဘတ်ကတော့ ဒီရာသီမှာ အတော်လေးအားလျော့သွားတယ်။ အုပ်စုအဆင့်မှာ တွေ့ဆုံတုန်းက ဝက်စ်ဟမ်းအသင်း နှစ်ကျော့စလုံး အနိုင်ကစားခဲ့တယ်။ ဒီပွဲလည်း ဝက်စ်ဟမ်း မရှုံးလောက်ဘူး။

အေစီမီလန် နှင့် ဆလားဗီးယားပရပ်ဂ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

အေစီမီလန်အသင်း လာဇီယိုနဲ့ပွဲမှာ နိုင်ပွဲပြန်ရခဲ့ပေမဲ့ ကစားသမားတစ်ယောက် အသာရပြီးမှ အနိုင်ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်တယ်။ စီးရီးအေဘက်မှာ အေစီမီလန်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်က ဖိအားရှိမနေလို့ ယူရိုပါလိဂ်ဘက်ကို ပိုပြီးစိတ်နှစ်ထားလို့ရတယ်။ ဆလားဗီးယားပရပ်ဂ်အနေနဲ့ ဒီရာသီ ယူရိုပါလိဂ် အဝေးကွင်းပွဲတွေမှာ ရှုံးပွဲမရှိပေမဲ့ အေစီမီလန်ကို ဒုက္ခပေးနိုင်မယ်မထင်ဘူး။ အေစီမီလန် ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။

Most Read

Most Recent