ပြုံးယမ်းတွင် ယှဉ်ပြိုင်ကစားမည့် မြောက်ကိုရီးယား-ဂျပန် ကမ္ဘာ့ဖလားခြေစစ်ပွဲကို ဖျက်သိမ်းရန် ဖီဖာ ဆုံးဖြတ်ခဲ့ပြီး ဂျပန်အသင်း (၃-၀)ဂိုးဖြင့် အနိုင်ရရှိမည်

ပြုံးယမ်းတွင် ယှဉ်ပြိုင်ကစားမည့် မြောက်ကိုရီးယား-ဂျပန် ကမ္ဘာ့ဖလားခြေစစ်ပွဲကို ဖျက်သိမ်းရန် ဖီဖာ ဆုံးဖြတ်ခဲ့ပြီး ဂျပန်အသင်း (၃-၀)ဂိုးဖြင့် အနိုင်ရရှိမည်
Photo: AP
Photo: AP
Published 25 March 2024

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့တွင် မတ်(၂၆)ရက်၌ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသော ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ယင်းပွဲစဉ်ကို မြောက်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုခြင်းမရှိကြောင်း ဦးစွာငြင်းဆန်ခဲ့သည့်အတွက် ဖီဖာက ယခုကဲ့သို့ ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယားအသင်းသည် မတ် (၂၁)ရက်တွင် ဂျပန်နိုင်ငံ၌ အဝေးကွင်းပွဲစဉ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီးဖြစ်သော်လည်း အိမ်ကွင်းပွဲစဉ်ကို လက်ခံကျင်းပလိုခြင်းမရှိကြောင်း ငြင်းဆန်ခဲ့ခြင်းမှာ ဂျပန်နိုင်ငံတွင် ရောဂါပိုးတစ်ခု ကူးစက်ပျံ့နှံ့နေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယားတာဝန်ရှိသူများက ကြားကွင်းတစ်ခုခုတွင် ယှဉ်ပြိုင်ကစားရန် ဆန္ဒရှိခဲ့သော်လည်း ရက်ပိုင်းအတွင်း ကွင်းအပြောင်းအလဲပြုလုပ်ရန် မဖြစ်နိုင်ခြင်းနှင့် ဘောလုံးပြက္ခဒိန်အရ ရွှေ့ဆိုင်းကျင်းပရန်လည်း မဖြစ်နိုင်သဖြင့်  ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖီဖာက ကြေညာချက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနှင့် ဂျပန်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်ဒုတိယအဆင့်တွင် အုပ်စု(B)၌ ဆီးရီးယား၊ မြန်မာတို့နှင့်အတူ ကျရောက်နေသည်။

(၃)ပွဲစီ ယှဉ်ပြိုင်ကစားအပြီးတွင် ဂျပန်အသင်းက (၃)ပွဲစလုံး ရာနှုန်းပြည့်အနိုင်ရရှိကာ အုပ်စုထိပ်ဆုံး၌ ဦးဆောင်နေပြီး ဆီးရီးယားက (၄)မှတ်၊ မြောက်ကိုရီးယားက (၃) မှတ်၊ မြန်မာက (၁)မှတ်ရရှိထားသည်။

ယခုအခါ မြောက်ကိုရီးယား - ဂျပန်ပွဲ ဖျက်သိမ်းခဲ့ရမှုကြောင့် ဂျပန်အသင်းကို (၃-၀)ဂိုး အနိုင်ပေးမည်ဖြစ်ရာ ဆီးရီးယားနှင့် မြန်မာအသင်းတို့အတွက် အခွင့်အရေးတစ်ရပ် ဖြစ်လာခဲ့သည်။

မြောက်ကိုရီးယားအသင်းသည် လက်ကျန်နှစ်ပွဲကိုလည်း အိမ်ကွင်းတွင်ပင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဇွန်(၆) တွင် ဆီးရီးယား၊ ဇွန်(၁၁)တွင် မြန်မာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent