မုဒုံမြို့နယ်ရှိ လေဆိပ်အသစ် တည်ဆောက်မည့် စီမံကိန်းဧရိယာသို့ နစက အဖွဲ့ဝင် အချို့နှင့် မွန်ပြည်နယ် အစိုးရအဖွဲ့ ရောက်ရှိစဉ် ရှင်းလင်းဆောင်အနီး UAV ဒရုန်းတစ်စင်း ကျရောက် ပေါက်ကွဲ

မုဒုံမြို့နယ်ရှိ လေဆိပ်အသစ် တည်ဆောက်မည့် စီမံကိန်းဧရိယာသို့ နစက အဖွဲ့ဝင် အချို့နှင့် မွန်ပြည်နယ် အစိုးရအဖွဲ့ ရောက်ရှိစဉ် ရှင်းလင်းဆောင်အနီး UAV ဒရုန်းတစ်စင်း ကျရောက် ပေါက်ကွဲ
Published 7 April 2024

မုဒုံမြို့နယ် ကော့ပရံကျေးရွာရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်အသစ် တည်ဆောက်မည့် စီမံကိန်းဧရိယာသို့ ဧပြီ ၆ ရက်၊ နံနက်ပိုင်းက နစက အဖွဲ့ဝင် အချို့နှင့်  မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်များ ရောက်ရှိလာစဉ် ‌ရှင်းလင်းဆောင်အနီးတွင် UAV ဒရုန်း တစ်စင်း ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

ဧပြီ ၆ ရက်၊ နံနက် ၁၀ နာရီခန့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း နှင့် အဖွဲ့နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများမှ မုဒုံမြို့နယ် ကော့ပရံကျေးရွာရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်အသစ်တည်ဆောက်မည့် စီမံကိန်းဧရိယာအတွင်းရှိ ယာယီရှင်းလင်းဆောင်သို့ ရောက်ရှိနေခဲ့ကြောင်း သိရသည်။

ထိုသို့ ယာယီရှင်းလင်းဆောင်အတွင်း အပြည်ပြည်ဆိုင်ရာလေဆိပ်အသစ်တည်ဆောက်မည့် စီမံကိန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြဆွေးနွေးနေစဉ် နံနက် ၁၀ နာရီခွဲခန့်တွင် ယာယီရှင်းလင်းဆောင်၏ ကိုက် ၁၀၀ ခန့်အကွာတွင် UAV ဒရုန်း တစ်စင်း ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သိရကြောင်း ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ပေါက်ကွဲမှုနဲ့ပတ်သက်လို့ လူထိခိုက်မှုမရှိခဲ့သလို၊ အနီးအနားမှာလည်း အဆောက်အဦးတွေ မရှိတော့ ထိခိုက်ပျက်ဆီးမှုတွေမဖြစ်ခဲ့ဘူးလို့ သိရတယ် ဟု ပြောကြားသည်။

ထိုတိုက်ခိုက်မှုအား မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သည်ကို မသိရှိရသေးပေ။

ထိုသို့ တိုက်ခိုက်ခံရမှုအပြီးတွင် မွန်ပြည်နယ် မုဒုံမြို့နယ် နှင့် မော်လမြိုင်မြို့နယ်များတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရေးများ ပိုမိုလုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က လတ်တလော အတည်ပြုသတင်းထုတ်ပြန်ခြင်းမရှိသေးဘဲ တစ်စုံတစ်ရာ ထုတ်ပြန်လာပါက ဆက်လက်ဖော်ပြပေးမည် ဖြစ်ပါသည်။

Most Read

Most Recent