ဧရာဝတီတိုင်း မော်တင်ကမ်းခြေတွင် လင်းပိုင်များကို ငါးဖမ်းပိုက်ကွန်များအတွင်း ဖမ်းမိ

ဧရာဝတီတိုင်း မော်တင်ကမ်းခြေတွင် လင်းပိုင်များကို ငါးဖမ်းပိုက်ကွန်များအတွင်း ဖမ်းမိ
Published 13 March 2024

ဧရာဝတီတိုင်း မော်တင်စွန်းကမ်းခြေတွင် လင်းပိုင်များကို ငါးဖမ်းပိုက်ကွန်များအတွင်း ဖမ်းမိထားသည်ကို တွေ့ရှိရသည်ဟု ဘုရားဖူးသွားရောက်ခဲ့သူအချို့က လူမှုကွန်ရက်စာမျက်နှာများတွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။

လူမှုကွန်ရက်တွင် ဖော်ပြထားသည့် ဓာတ်ပုံများအရ ဧရာဝတီလင်းပိုင်အကောင်ရေ အနည်းဆုံး ၁၀ ကောင်ခန့်ကို ငါးဖမ်းပိုက်များအတွင်း ဖမ်းမိထားသည်ကို တွေ့ရှိရသည်။

မတ် ၁၂ရက်က ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီးရှိ မြတ်မော်တင်စွန်းစေတီကမ်းခြေတွင် ငါးဖမ်းပိုက်များနှင့်အတူ ဖမ်းမိထားသည့် လင်းပိုင်များကို တွေ့ရှိရပြီး ရေလုပ်သားအချို့က ပြန်လွှတ်ပေးရန် စီစဉ်နေသည်ကိုလည်း ဓာတ်ပုံအချို့တွင် တွေ့ရသည်။

လင်းပိုင်များ ပိုက်ကွန်နှင့်မိပြီး ကမ်းပေါ်ပါလာသဖြင့် မော်တင်စွန်းဘုရားဖူးလာရောက်သူများက ဓာတ်ပုံရိုက်ခဲ့ကြပြီး သက်ဆိုင်ရာအဖွဲ့များက ပြန်လွှတ်ပေးရန် စီစဉ်ခဲ့ကြောင်း သိရသည်။

လင်းပိုင်အကောင်ရေအများအပြားကို ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်ကို တွေ့ရသည်။

ဧရာဝတီတိုင်းရှိ ဆံတော်ရှင်မြတ် မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို မတ် ၁၀ ရက်မှ ၂၄ ရက်အထိ ၁၅ ရက်ကြာ ကျင်းပလျက်ရှိနေပြီး ဘုရားဖူးပြည်သူများ လာရောက်ခဲ့စဉ် လင်းပိုင်အများအပြားကို ငါးဖမ်းပိုက်များအတွင်း ဖမ်းဆီးရမိသည့်ဖြစ်စဉ်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လင်းပိုင်အမျိုးအစားများအနက် ဧရာဝတီမြစ်အတွင်း ဧရာဝတီလင်းပိုင်အမျိုးအစားများ နေထိုင်ကျက်စားလျက်ရှိပြီး မျိုးသုန်းလာမှုကြောင့် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများကို လူမှုအဖွဲ့အစည်းများမှ လုပ်ကိုင်လျက်ရှိသည်။

ဧရာဝတီလင်းပိုင်များကို မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ကြောင်း၊ ရခိုင်ကမ်းမြောင်ဒေသ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြိတ်ကျွန်းစုတို့တွင် တွေ့ရသည်။

Most Read

Most Recent